အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ငါးရာနီးပါးသေဆုံး
2023.03.08

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ဖိနှိပ်မှုတွေကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၄၈၃ ဦးသေဆုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီက ပူးတွဲထုတ်ပြန်ပါတယ်။
ဒီအပြင် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အမျိုးသမီး ၃၁၂၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားပြီး အဲဒီထဲမှာ သေဒဏ်ကျခံနေရသူ ၁၁ ဦးနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၁၅ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီး ၁၂၂ ဦးကိုလိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေလုပ်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတစ်ဝန်းမှာလည်း ဆွေးနွေးဟောပြောမှုတွေ ပြုလုပ်နေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေ အပြင် လက်နက်ကိုင် ပုန်ကန်မှုတွေ အတွင်းမှာလည်း အမျိုးသမီးတွေ ပါဝင်လှုပ်ရှားနေကြပါတယ်။
အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့ပါတယ်။