အာဏာသိမ်းပြီးနောက် တရားစီရင်ရေးစနစ် ပျက်စီးသွားကြောင်း FEM အစီရင်ခံစာဖော်ပြ
2023.07.14

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ပျက်စီးသွားကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း အမည်ရ Free Expression Myanmar အဖွဲ့ရဲ့ ဇူလိုင်လ ၁၃ ရက်မနေ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာ့ တရားစီရင်ရေးဟာ ဆယ်စုနှစ်များစွာ အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်မှုတွေကြောင့် လွတ်လပ်တဲ့ တရားစီရင်ရေးတစ်ခု ဖြစ်မလာတဲ့အပြင် တစ်ကျော့ပြန် အာဏာသိမ်း နောက်ဆက်တွဲအဖြစ် အာဏာရှင် တရားစီရင်ရေးအဖြစ် ပြောင်းလဲ သွားတာလို့ အစီရင်ခံစာက ဆိုပါတယ်။
ဒီအစီရင်ခံစာထုတ်ဖို့ မြန်မာနိုင်ငံက ရှေ့နေတွေနဲ့ သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေကို Free Expression Myanmar က တွေ့ဆုံခဲ့တာပါ။
တရားစီရင်ရေးနဲ့ ပတ်သက်လို့ တွေ့ရှိချက်တွေကို အကြောင်းအရာခေါင်းစဉ် ဆယ်ခုနဲ့ ဖော်ပြထားပြီး အများစုက စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ပျက်စီးလာတဲ့ တရားရင်စီရင်ရေး စနစ်တွေကို အလေးပေး ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ တရားစီရင်ရေး စနစ်အောက်မှာ မြန်မာပြည်သူတစ်ဦးချင်းစီဟာ “နိုင်လိုမင်းထက်” တရားစီရင်ရေးစနစ်ကို ကြုံနေရတယ်လို့လည်း ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် တရားစီရင်ရေးကို အယုံအကြည် မရှိတော့တာကြောင့် အမှုလိုက်လုပ်ငန်းတွေကို ရပ်ထားတယ်လို့ RFA ကိုပြောပါတယ်။
ဒီမိုကရေစီကို ဖော်ဆောင်မယ့် အစိုးရတွေအနေနဲ့ အထူးတရားရုံးနဲ့ စစ်တပ် တရားရုံးတွေကို ပိတ်ပြီး စစ်ကောင်စီတပ်ရဲ့ ဥပဒေတွေအားလုံး ပယ်ဖျက်ရမယ်လို့ FEM ကအကြုံပြုထားသလို ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ မြန်မာ့တရားစီရင်ရေးစနစ်ကို ဝေဖန်၊ ရှုတ်ချတာတွေ လုပ်သင့်တယ်လို့လည်း တိုက်တွန်းပါတယ်။
စစ်ကောင်စီဘက်ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ မကြာခဏ ထုတ်ဖော်ပြောလေ့ရှိပါတယ်။