သံတမန်တွေ မောင်တောဒေသကို့ ပို့ဆောင်ပေးဖို့ အတိုင်ပင်ခံရုံး ထုတ်ပြန်


2017.09.23
dassk-meet-maungtaw-commission-622 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင်တွေ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာသံတမန်တွေကို မောင်တောဒေသကို ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်နေကြောင်း ၊ မောင်တောဒေသအကြမ်းဖက်မှုမှာ ပါဝင်သူတွေကို အရေးယူနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင်တွေ မနေ့က တွေ့ဆုံရာမှာ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်း စဉ်တွေကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေရဲ့ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ကုလသမဂ္ဂထံ ပေးပို့သွားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ဆုံးဖြတ်ချက်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးရောက်ရှိနေသူတွေကို  ၁၉၉၃ ခုနှစ် သဘောတူညီချက်ကို အခြေခံပြီး စိစစ်မှုတွေ စနစ်တကျဆောင်ရွက်ဖို့နဲ့ ပြန်လည်စိစစ် လက်ခံရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် ယာယီနေရာချထားပြီးနောက် မူလကထက်ပိုမိုအဆင်ပြေနိုင်ရေးအတွက် ရေရှည်ဖံ့ွဖြိုးရေးကို ခြုံငုံစေမယ့် အစီအစဉ်တွေကို UN-Habitat ကနေ အကြံဉာဏ်တွေ ရယူဆောင်ရွက်သွားမယ်လို့လည်း ပါရှိပါတယ်။

မောင်တောဒေသအတွင်း လမ်းကွန်ရက်တွေ စနစ်တကျရေးဆွဲဖို့၊ လျှပ်စစ်ဓာတ်အားလိုင်း၊ ရေမြောင်းစနစ်၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ရဲကင်းစခန်းတွေကိုပါ ထည့်သွင်းပြီး ဒေသဖံ့ွဖြိုးရေးနဲ့အတူ ယှဉ်တွဲဆောင်ရွက်ဖို့ လည်း ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခံရပြီး ပျောက်ဆုံးနေတဲ့ တမန်းသားကျေးရွာက ဟိန္ဒူဘာ သာဝင် ၉၃ ဦး အခြေအနေကို အမြန်ဆုံးသိရှိနိုင်ရေးအတွက် ရှာဖွေမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ နှစ်နိုင်ငံနယ်စပ် ဒုက္ခသည်စခန်းမှာ အသက်မသေဘဲ ရောက်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဟိန္ဒူဘာသာဝင်အမျိုးသမီး ၆ ဦးနဲ့ ကလေးငယ် ၃ ဦးကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်နိုင်ရေး သံတမန်လမ်းကြောင်းကတဆင့် ဆောင် ရွက်သွားမယ်လို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ရဲချုပ်လည်း လိုက်ပါနိုင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အရေး ကော်မရှင်နှစ်ခုရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် စက်တင်ဘာလ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ အကောင်အထည်ဖော်ရေး ကော်မတီဟာ မောင်တောဒေသကို ၂ ရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။