SSPP/SSA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား
2012.06.20

ဒီနေ့မနက် ၅ နာရီလောက်ကနေ စတင်ပြီးတော့ မိုင်းရှုးမြို့နယ် မိုင်းအောက်ကျေးရွာအုပ်စု ဟွမ်ဟွေ့လော့ ကျေးရွာအနီးရှိ SSA မြောက်ပိုင်းတပ်တွေရဲ့ ထိန်းချုပ်နယ်မြေရှိ တပ်စခန်းကို အစိုးရတပ်က လာရောက်ပြီးတော့ တိုက်ခိုက်တဲ့အကြောင်းကို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ခုလိုပြောပါတယ်။
"ဗျူဟာမှူးကိုယ်တိုင် လာစစ်မယ်ဆိုလို့ ကျွန်တော်တို့ ဆုတ်ပေးလိုက်တယ်။ နည်းဗျူဟာ ၂ ပေါ့။ ဒီနေ့မနက်ကျတော့ ကျွန်တော်တို့ ဆုတ်ခဲ့တဲ့တောင်ကုန်းကို သူတို့တက်ပြီးတော့ တိုက်တာလေ၊ မနက် ၅ နာရီ မိနစ် ၂၀ ကနေ ၉ နာရီခွဲအထိ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်တယ်။ အကျအဆုံးတော့မသိရသေးဘူး။ သူတို့ ကျွန်တော်တို့ တောင်ကုန်းကို အလုံးအရင်းနဲ့ တက်တိုက်တော့ ၉ နာရီခွဲ အထိတော့ သူတို့တက်လို့ မရဘူးလေ။ မရတော့ ဒီနေ့ မိုင်းရှုးဘက်က စစ်ကား ၅ စီးထပ်လာတယ်လေ။ ဒဏ်ရာရတဲ့လူတွေ လာသယ်တယ် ထင်တယ်၊ ကျွန်တော်တို့လည်း လှမ်းမြင်နေရတယ်။ ဒဏ်ရာရတဲ့လူတွေ"
အစိုးရတပ်က ခလရ ၁၄၉၊ ခလရ ၁၅၀ ၊ ခမရ ၅၁၇၊ ၅၁၆ တပ်တွေဖြစ်ပြီး အင်အား ၃၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ မနေ့ကလည်း မိုင်းကိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဇွန်လ ၁၇ ရက်နေ့ကလည်း နောင်ချိုမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ပါသေးတယ်။
တိုက်ပွဲတွေ ဘာကြောင့် ဖြစ်နေရတာလဲလို့ ဆက်လက်မေးမြန်းတဲ့အခါ ဗိုလ်မှူးစိုင်းလက-
"တိုင်းမှူးနဲ့လည်း ဖုံးနဲ့အဆက်အသွယ်ရပါတယ်။ သူတို့အပြောအရဆိုရင် ကျွန်တော်တို့က သူတို့စစ်ရေး လမ်းကြောင်းပေါ်မှာရှိနေလို့ နောက်သူတို့လာတာ ကျွန်တော်တို့က အရင်မိုင်းခွဲပြီး တိုက်လို့ သူတို့ လူထိခိုက်ဒဏ်ရာရလို့ ကျွန်တော်တို့ကို အလုံးအရင်းနဲ့ တိုက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ သဘောတူညီချက်ထဲမှာ ကျွန်တော်တို့တပ်နား ဖြတ်ရင်၊ သတင်းပို့ပြီးသွားရင် ဘာမှ ပြဿနာမဖြစ်ဘူး။အခုက သူတို့လာတာ အလုံးအရင်းနဲ့လာတယ်။ ပြီးတော့ ကျွန်တော်တို့က မလာဖို့ ကြိုပြီးတော့ အကြောင်းကြားပေမဲ့ သူတို့က အလုံးအရင်းနဲ့ လာတယ်ဆိုတော့ တိုက်ပွဲဖြစ်ကြတယ်"
SSPP/SSA နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီး နောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ရှိပြီလို့သိရပါတယ်။ အခုလို ဆက်လက် တိုက်ပွဲတွေ ဖြစ်ပွားနေအုံးမယ်ဆိုရင် နောက်ထပ် နှစ်ဘက် ဆက်လက်တွေ့ဆုံမှုတွေကို ထိခိုက်သွားနိုင်တယ်လို့ ရှမ်းသတင်းရပ်ကွက် အဆိုအရ သိရပါတယ်။