NDF မဲဆွယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အမည်နှင့် NLD တံဆိပ်များ ဆက်လက်အသုံးပြုနေ
2010.11.01

အဲဒီလို NDF ပါတီက NLD ပါတီရဲ့ အမှတ်တံဆိပ်တွေ အသုံးပြုပြီး မဲဆွယ်စည်းရုံးနေတာတွေကို ဒီကနေ့မှာပင် လာရောက် ဆက်သွယ် တိုင်ကြားမှုတွေ ရှိကြောင်း NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို ပြောပါတယ်။
“အခု ရန်ကုန်မြို့မှာ တော်တော်များတယ်၊ အဲဒီ ကားတွေနဲ့ ခမောက်တွေနဲ့၊ ဒေါ်စုက NLD ဟာ ခမောက်၊ ခမောက်ဟာ NLD ပါပဲ။ အကယ်၍ NDF ဟာ ခမောက်၊ ခမောက်နဲ့ NDF ဟာ အတူတူပါပဲ ဆိုပြီးတော့ အဲဒါ လျှောက်ပြီးတော့ ကားမှာရော၊ ခမောက်ပုံတွေရော၊ အဲဒီ အမျိုးသမီးတွေကလည်း ရင်ဘတ်မှာ NLD က ခွပ်ဒေါင်းပေါ့နော်၊ အဲဒီ ခွပ်ဒေါင်းပုံတွေနဲ့ပေါ့။ အဲဒီလို သွားပြီးတော့ စည်းရုံးလှုပ်ရှားနေတာ တော်တော်များတယ်။ သတင်းပို့တာလည်း ကျွန်တော်တို့ ကြားတယ်။ မနက်က တယ်လီဖုန်း လာတယ်၊ ကလေးမလေး နှစ်ယောက် သုံးယောက်ဆီက၊ သူတို့က NLD က မပါတော့ သူတို့မှာ ဘယ်သူ့ မဲပေးရမှန်း မသိဘူးတဲ့။ အဲဒီတော့ NDF က NLD နဲ့ အတူတူပဲလား၊ သူတို့က အတူတူပဲ ပြောနေတယ် အဘ။ အဲဒါ ကျွန်မတို့ သမီးတို့ ပေးရမလား ဆိုတော့ ကျွန်တော်တို့က ဒါ NDF က NLD မဟုတ်ဖူးပေါ့၊ ဒါကြောင့်မို့လို့ မပေးချင်လည်း မပေးပဲ နေလို့ရတယ်လို့ ဒီလိုပဲ ဥပဒေနဲ့အညီပဲ ပြောလိုက်ပါတယ်။”
ပြီးခဲ့တဲ့ရက်တွေကလဲ မန္တလေးမြို့မှာ NDF ပါတီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ ပြောဆိုခဲ့တဲ့ မိန့်ခွန်းကောက်နုတ်ချက် တချို့ကို သူတို့ပါတီရဲ့ မဲဆွယ်စည်းရုံးရေး လက်ကမ်းစာရွက်တွေပေါ်မှာ ရိုက်နှိပ်ပြီး ဖြန့်ဝေမှုတွေ ရှိခဲ့ပါတယ်။
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတို့၊ မိန့်ခွန်းတို့ အသုံးပြုဖို့ ညွှန်ကြားထားတာ မရှိပါဘူး၊ အသုံးပြုပြီးတော့ မဲဆွယ် စည်းရုံးခြင်း မရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမပါပဲနဲ့ မိန့်ခွန်းတွေကို အောင်နိုင်ရေးအတွက် သုံးစွဲဖို့ ဘယ်အခါမှ ဆုံးဖြတ်ထားခြင်း မရှိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။