NDF ပါတီခေါင်းဆောင်က NLD မရှိတော့ကြောင်း ပြောဆို
2010.08.19

ပြည်သူတွေက NLD ပါတီကို သူတို့နောက်တကြိမ် မဲပေးခွင့်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြကြောင်း ဒါပေမဲ့ NLD ပါတီ အခု မရှိတော့ကြောင်း ၊ သူတို့ NDF အဖွဲ့ဝင်တွေအနေနဲ့ အခုလာမဲ့ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘူးဆိုရင် မိမိတို့ရဲ့တာဝန်ကို ကျေပွန်မှာ မဟုတ်ဘူးလို့ ခံယူထားကြောင်း ပြောဆိုသွားပါတယ်။
စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမဲ့ရက်ကို သတ်မှတ်ကြေညာလိုက်ပြီး နောက်ပိုင်း ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေအပေါ် စည်းမျဉ်းစည်းကမ်း တင်းကျပ်တာတွေ လုပ်ဆောင်နေတဲ့အတွက် ပါတီတွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း၊ မိမိတို့ ပါတီအနေနဲ့ အခက်အခဲတွေ ဘယ်လိုရှိနေပါစေ နောက်ဆုတ်သွားမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ဒေါက်တာသန်းငြိမ်းက ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
NLD ပါတီ မန္တ္တလေးတိုင်း စည်းရုံးရေးတာဝန်ခံ ဦးမျိုးနိုင်ကတော့ NDF ပါတီရုံးခန်းဖွင့်ပွဲကို မြို့ခံလူထုက သိပ်ပြီး အလေးအနက်ထားတာ မတွေ့ရဘူးလို့ ပြောပါတယ်။
“ဒီနေ့ NDF မန္တလေးတိုင်း ရုံးဖွင့်သွားတယ်လို့တော့ ကြားတယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ ကြားတဲ့ ကိစ္စက ဟို တယောက်က သတင်း လာပေးတယ်ပေါ့။ ဒါပေမဲ့ မြို့ထဲမှာတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်တောင် မကြားဘူး။ နောက်ပြီးတော့ အဲဒီ အပိုင်းပေါ့နော်၊ သူဖွင့်တဲ့ ရုံးဖွင့်တဲ့ နေရာ အပိုင်းမှာ ရှိတဲ့ အဲဒီ သူတို့နဲ့ ပတ်သက်တဲ့ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းကလည်း NDF ဖွင့်တဲ့အပေါ်မှာ နှာခေါင်းရှုံ့ကြတယ်ပေါ့နော်။”
NLD ပါတီဟာ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိနေဆဲ ဖြစ်ပြီး မိမိတို့အနေနဲ့ လုပ်ဆောင်စရာ ရှိတာတွေကို ဆက်လက် လုပ်ဆောင်နေကြောင်း ဦးမျိုးနိုင်က ဆက်ပြောပါတယ်။
“ကျွန်တော်တို့ကတော့ ဘယ်လိုမြင်လဲဆိုတော့ NDF ကတော့ NLD နဲ့ သီးခြားစီလို့ မြင်တယ်ဗျာ။ သူ့ကိစ္စ သူလုပ်တယ်၊ ဒါပေမဲ့ နောက် NLD မရှိလို့ NDF ပေါ်လာတာ မဟုတ်သလို၊ NLD မရှိလို့ NDF ရပ်တည်တယ်ဆိုတာလည်း လုံးဝ ကျွန်တော်တို့ လက်မခံပါဘူး။ သဘောလည်း မတူပါဘူး။ ဒီနေ့ လက်ရှိ အနေအထားပေါ့နော်၊ ပြည်သူလူထုထဲမှာ ကျွန်တော်တို့ လက်ရှိ NLD အပေါ်မှာလည်း ယုံကြည်စိတ်ချစွာ ရှိနေတုန်းပါ။ အဲ ရွေးကောက်ပွဲ ရှိခြင်း မရှိခြင်းနဲ့ NLD ရှိခြင်း မရှိခြင်းက တခြားစီပါ။ NLD ဟာ ရွေးကောက်ပွဲပေါ်မှာ မူတည်နေထားတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ပြည်သူ့ဖက်က ရပ်တည်တဲ့ အဖွဲ့အစည်း တခုပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD အခန်းကဏ္ဍက မပါဝင်သော်လည်း တချိန်မှာ NLD ရဲ့ အခန်းကဏ္ဍဟာ ပြန်လည် ထွန်းတောက်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ဒီနေ့ ဒီအချိန်မှာ NLD အရေခြုံထားတဲ့ အဖွဲ့များ ရှိရင်လည်း NLD နဲ့ သီးခြားစီ ဆိုတာကို ပြည်သူလူထု သိစေချင်ပါတယ်။”
NDF ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။