ဝန်ကြီးချုပ် ၄ ဦး အနားပေးမယ်ဆိုပြီး ဖော်ပြမှု အရေးယူဖို့ မီဒီယာကောင်စီကို သမ္မတ တိုင်ကြား


2018.11.24
speaker-journal-post-622.jpg နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ဝေတဲ့ The Speaker ဂျာနယ်မှာပါရှိတဲ့ သတင်းဖော်ပြချက်ကို တွေ့ရစဉ်
.

ဝန်ကြီးချုပ် ၄ ဦးနဲ့ ဝန်ကြီးတချို့ အနားပေးမယ်ဆိုတဲ့ The Speaker ဂျာနယ်ရဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတာကြောင့် လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ ကောင်စီ မှာ ကြားနာသွားမယ်လို့ ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

အဲဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ဆိုပြီး ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်ကို သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် မနေ့က ကောင်စီဝင်အသစ်တွေ ကတိသစ္စာပြုပွဲမှာ ပြောကြားခဲ့ပြီးနောက် သမ္မတရုံးရဲ့ တိုင်ကြားစာပါ ပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီသတင်းဖော်ပြမှုမှာ သတင်းအရင်းအမြစ်ဟာ နိုင်ငံတော် သမ္မတရုံးနဲ့ နီးစပ်သူတစ်ယောက်လို့ ဖော်ပြခဲ့ပေမယ့် သမ္မတရုံးက သတင်းအရင်းအမြစ်တွေ မဟုတ်သလို သမ္မတရုံးက အတည်ပြုချက် ရယူခဲ့တာမရှိဘဲ၊ ကြားသိရတဲ့ အချက်အလက်ကိုသာ အခြေခံပြီး ရေးသားခဲ့တာဖြစ်တာကြောင့် မခိုင်လုံတဲ့အတွက် သမ္မတရုံးနဲ့ တာဝန်ရှိသူတွေ၊ စာဖတ်သူတွေကို ပြန်လည်ရှင်းလင်းတောင်းပန်ဖို့ တိုင်ကြားစာမှာ ပါရှိတယ်လို့ သိရပါတယ်။

"ဝန်ကြီးချုပ်လေးယောက်နဲ့ ဝန်ကြီးတစ်ချို့ အနားပေးမည်ဟု သတင်းတွေထွက်ပေါ်၊ မန်းတိုင်းဝန်ကြီးချုပ် နဲ့ ဒေါက်တာ ဝင်းမြတ်အေး မပါ" ဆိုပြီး နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ဝေလိုက်တဲ့ အပတ်စဉ်ထုတ် The Speaker ဂျာနယ်မှာ ပါရှိခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။