နေထိုင်ခွင့်သက်တမ်းလွန်နေသူတွေကို တောင်ကိုရီးယားအစိုးရ ဖမ်းဆီးမည်
2019.02.25

တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ နေထိုင်ခွင့်သက်တမ်း လွန်နေသူတွေကို ဒီနေ့ကစပြီး မတ်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးမယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တောင်ကိုရီယားနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၃ သောင်းကျော်ရှိပြီး သက်တမ်းလွန်နေသူ ၂ ထောင်လောက်ရှိနိုင်တယ်လို့ အလုပ်သမားကူညီရေးအဖွဲ့တွေကနေ သိရပါတယ်။
စာရွက်စာတမ်းသက်တမ်းလွန်နေတဲ့ အလုပ်သမားတွေကို လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီးဌာနတွေက ပူးပေါင်းဖမ်းဆီးပြီး သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်ပို့မှာဖြစ်တဲ့အပြင် ပြန်လာခွင့် ၁၀ နှစ်ပိတ်ပင်တဲ့နည်းနဲ့ အရေးယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အရင်နှစ်တွေက ပြန်လည်ဝင်ရောက်ခွင့်ပိတ်တာ ၅ နှစ်သာ သတ်မှတ်တာဖြစ်ပြီး ဒီနှစ်မှာတော့ ၁၀ နှစ်အထိ ထပ်တိုးလိုက်တာဖြစ်တယ်လို့ ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာက ဦးဝိုင်းက ပြောပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို အဓိကထား ဝင်ရောက်ဖမ်းဆီးမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သက်ပြီး တောင်ကိုးရီယားဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။