တောင်ကိုရီးယားရောက် မြန်မာအဖွဲ့တစ်ဖွဲ့က NUG ကို လစဉ် ဒေါ်လာတစ်သိန်း လှူဒါန်းနေ
2022.03.15

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံတကာရှိမြန်မာတွေက ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အကူအညီပေးဖို့ အဖွဲ့အစည်းတွေ ထူထောင်ခဲ့ကြရာမှာ တောင်ကိုရီးယားမှာလည်း အဖွဲ့အတော်များများ ပေါ်ထွက်ခဲ့ပါတယ်။
အဲဒီအဖွဲ့တွေထဲက တချို့ဟာ NUG အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်နေကြပြီး တချို့ကတော့လည်း ပြည်တွင်းက တော်လှန်ရေးအဖွဲ့တွေကို တိုက်ရိုက်ဆက်သွယ် ကူညီနေကြတယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း က RFA ကိုပြောပါတယ်။
“ကိုရီးယားနိုင်ငံမှာတော့ ဒီ နွေဦးတော်လှန်ရေးအတွက် ပြည်တွင်းထဲမှာ တက်ကြွစွာ လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေ၊ UG အဖွဲ့အစည်းတွေကို လှူဒါန်းနေတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်။ အင်အားကြီးတဲ့အဖွဲ့ ၃-၄ ဖွဲ့ ရှိပါတယ်။ သူတို့ လှူဒါန်းလိုတဲ့ PDF အဖွဲ့တွေရဲ့ စာရင်းတွေကို တချို့က NUG ကာကွယ်ရေးဝန်ကြီးဌာနကို ပေးပို့ပါတယ်၊ တချို့ကလည်း ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးပို့ပြီး အဲဒီ ဝန်ကြီးဌာနတွေက စိစစ်ပြီးတော့ တိကျမှန်ကန်တဲ့ အဖွဲ့အစည်းတွေကို ပေးပို့လှူဒါန်း တာတွေ ရှိပါတယ်။ ဒီအဖွဲ့တွေက စည်းကမ်းစနစ်တကျနဲ့ ကောက်ခံရရှိမှုတွေ အမည် စာရင်းတွေ အကုန်လုံးကို သေသေချာချာပြုစုထားတဲ့အတွက် သူတို့ကို လေးစားဂုဏ်ယူ မိပါတယ်”
အဲဒီအဖွဲ့တွေထဲက တစ်ခုကတော့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကတော့ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလကစပြီး “One Day Challenge- ငါ့နိုင်ငံတွက် ငါ့တစ်ရက်” ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့အသင်းဝင်တွေကို လစဉ် မိမိတို့ဝင်ငွေထဲက တစ်နေ့တာဝင်ငွေ လှူဒါန်းတဲ့လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသား သုံးသောင်းခန့်ရှိတဲ့အနက် လက်ရှိမှာ အဲဒီ လှုပ်ရှားမှုမှာ ပါဝင်နေသူ အသင်းဝင် ၁၇ဝ၅ ဦး ရှိပြီး လစဉ် အမေရိကန်ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော် ရရှိနေတယ်လို့ သိရပါတယ်။ အဲဒီ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီရဲ့ပူးတွဲဥက္ကဋ္ဌ မနှင်းဝတ်ရည် က သူတို့အဖွဲ့ကနေ NUG အမျိုးသားညီညွတ်ရေးအစိုးရကို လစဉ် အမေရိကန်ဒေါ်လာ တစ်သိန်း လှူဒါန်းလျက် ရှိရာမှာ အခုအချိန်ထိ ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့ပြီးပြီလို့ ပြောပါတယ်။
“ကျမတို့ တောင်ကိုးရီးယားနိုင်ငံမှာ တစ်ရက် ချွေးနှဲစာကိုလှူဒါန်းတဲ့ ဒီ မြန်မာနိုင်ငံ သားတွေ၊ ထောက်ပို့တပ်သားတွေကို အစိုးရအနေနဲ့ အခွန်ကင်းလွတ်ခွင့် ဂုဏ်ပြု မှတ်တမ်းလွှာတွေကို မနေ့က ထုတ်ပေးလိုက်ပြီပေါ့နော်။ အဲဒီလက်မှတ်တွေကို အသင်း သားတွေ မိမိတို့ကိုယ်တိုင် website ကနေ ရယူနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ မကြာခင် ရနိုင်မှာဖြစ်တယ်။ တော်လှန်ရေးအောင်မြင်တဲ့အခါ အခွန်ကင်းလွတ်ခွင့်ကို ဒီ One Day Challenge မှာပါဝင်တဲ့သူတိုင်း က ခံစားခွင့်ရှိမှာပေါ့နော်။”
NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် က တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ဂုဏ်ပြုကြောင်း နဲ့ တခြားနိုင်ငံတကာရောက် မြန်မာတွေလည်း အခုလို မိမိတို့ တတ်စွမ်းသလောက် ငွေကြေးပမာဏ တစ်ခုသတ်မှတ်ပြီး လစဉ်ထည့်ဝင်လှူဒါန်းကြမယ်ဆိုရင် နွေဦးတော် လှန်ရေးအတွက် အင်မတန် ကြီးမားတဲ့ အကျိုးဖြစ်ထွန်းပါလိမ့်မယ်လို့ RFA ကို ပြော ပါတယ်။
“ဒေါ်လာ တစ်သိန်းလောက် ပုံမှန်ပေးနိုင်တယ်ဆိုတာ တကယ့်ကို ဒီတော်လှန်ရေး အတွက် သူတို့ရဲ့ သမိုင်းမှတ်တမ်း တာဝန်ကျေပွန်မှုတစ်ခုလို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ အားထုတ်မှုကို ကျန်တဲ့ ကမ္ဘာမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကလည်း နည်းနာယူ လုပ်ဆောင်နိုင်မယ်ဆိုရင် ဒီတော်လှန်ရေးအတွက် ကြီးမားတဲ့ အလှည့်အပြောင်း တစ်ခုကို အားလုံး မပင်မပန်းဘဲ ပံ့ပိုးပေးနိုင်မယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။ အလားတူပဲ ကိုရီးယားအစိုးရကလည်း ဒီတော်လှန်ရေးအပေါ် စာနာနားလည်ပြီး ကူညီပံ့ပိုးပေးနေတာကိုလည်း ကျေးဇူးတင် ပါတယ်။ တစ်ဖက်မှာလည်း ဒီတော်လှန်ရေးဟာ ပန်းတိုင် မရောက်မချင်း ချီတက်ရမယ့် ခရီးတစ်ခုဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ဘာအကြောင်းနဲ့မှ စိတ်မပျက် ကြပါနဲ့ ဆက်လက်ပြီးတော့ ဒီ့ထက်ပိုပြီး အောင်နိုင်ရေးကို အားထုတ်ကြပါလို့ ကျနော့် အနေနဲ့ မေတ္တာရပ်ခံပါတယ်။”
အလားတူ အသင်းဝင်တွေအနေနဲ့ ငွေကြေးပမာဏတစ်ခု သတ်မှတ်ပြီး လစဉ် တော်လှန်ရေးရန်ပုံငွေ ကောက်ခံရေး အစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စု အပါအဝင် တခြားနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာအသိုင်းအဝိုင်းတွေကလည်း ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။