တောင်ကိုရီးယားနိုင်ငံသားတွေ ရှမ်းနဲ့ကယားပြည်နယ်ကို ခရီးမသွားကြဖို့ ပိတ်ပင်

RFA Burmese
2023.11.27
တောင်ကိုရီးယားနိုင်ငံသားတွေ ရှမ်းနဲ့ကယားပြည်နယ်ကို ခရီးမသွားကြဖို့ ပိတ်ပင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ရှမ်းပြည်နယ်၊ သီပေါမြို့မှာ နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်။
Mr. Charles Rive View Lodge

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကို တောင်ကိုရီးယား နိုင်ငံသားတွေ ခရီးမသွားကြဖို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။

အဲဒီဒေသတွေကို ခရီးသွားလာဖို့ အန္တရာယ်အရှိဆုံးအဆင့် 'လေး' အဖြစ် လုံးဝ ခရီးမသွားကြဖို့ တောင်ကိုရီးယားအစိုးရက သတ်မှတ်လိုက်တာပါ။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့အပြင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အလုပ်အကိုင် လိမ်လည်မှုတွေနဲ့ မူးယစ်ဆေးဝါးကိစ္စ အပါအဝင် ရာဇဝတ်မှုတွေ တိုးလာနေတာကြောင့် တောင်ကိုရီးယားပြည်သူတွေကို ကာကွယ်ဖို့အတွက် အဲဒီဒေသတွေမှာ သွားရောက်နေထိုင်ခွင့် ပိတ်လိုက်တာလို့ တောင်ကိုရီးယားအစိုးရက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသ၊ ရှမ်းပြည်နယ်ဘက်ခြင်းမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ ကိုရီးယားနိုင်ငံသား ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီးနောက်မှာ အခုလို ခရီးသွားလာခွင့် ကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီဒေသတွေမှာ မဖြစ်မနေ နေထိုင်ဖို့လိုအပ်သူတွေဆိုရင် တောင်ကိုရီးယားအစိုးရထံမှာ အထူးနိုင်ငံကူးလက်မှတ် လျှောက်ထားရမယ်လို့ ဆိုပါတယ်။ အထူးနိုင်ငံကူးလက်မှတ် မရှိဘဲ နေထိုင်နေသူတွေကို အပြစ်ပေးအရေးယူသွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အလားတူ လာအို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကိုရီးယားနိုင်ငံသားတွေ အနေနဲ့ လာအိုနိုင်ငံကနေ ဝင်လာပြီး ရွှေတြိဂံဒေသကို ခရီးမသွားဖို့ သတိပေးထားပါတယ်။ လာအိုနိုင်ငံဟာ လာမဲ့ ၂၀၂၄ ခုနှစ်ကို "လာအို ခရီးသွားလာရေးနှစ်" အဖြစ် သတ်မှတ်ပြီး နိုင်ငံခြားသားဧည့်သည်တွေ ပိုမိုဝင်ရောက်လာအောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။