ရန်ကုန်မြို့မှာ ဘတ်စ်ကားတွေ သပိတ်မှောက်လို့ ကျောင်းသား နဲ့ ပြည်သူတွေ အခက်အခဲတွေ့နေ
2015.09.17

လူဦးရေ ၅ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့ကြီးမှာ အများပြည်သူနေ့စဉ်အသုံးပြုနေရတဲ့ ဘတ်စ်ကားအစင်းရေ ၃ ပုံ ၁ ပုံလောက် သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။
မော်တော်ယာဉ် ဥပဒေသစ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်ပြီး၊ အဲဒီဥပဒေသစ်အရ စည်းကမ်းချိုးဖောက်ရင်အရင်က ဒဏ်ငွေ ၁၅၀၀ ကျပ်ပေးရမယ်လို့ သတ်မှတ်ထားပေမယ့် အခုတော့ ကျပ်ငွေ ၃ သောင်းထိ ပေးဆောင်ရမယ်လို့ပါရှိတဲ့အတွက် အဲဒီဒဏ်ငွေဟာ များလွန်းနေလို့ဆိုပြီး သပိတ်မှောက်နေကြတာလို့ သိရပါတယ်။ ဒီလိုသပိတ်မှောက်လိုက်တဲ့အတွက် အလုပ်သွား အလုပ်ပြန် ပြည်သူတွေ ၊ ဈေးသွားဈေးလာတွေ၊ ကျောင်းသားတွေ အခက်အခဲကြုံတွေ့နေရပါတယ်။
မော်တော်ယဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဌာန (မထသ) အနေနဲ့ ဒီအခက်အခဲကို ရန်ကုန်တိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး ကြားဝင်ကူညီဖြေရှင်းနေတယ်လို့ မထသ ဗဟိုအဖွဲ့ ဥက္ကဌ ဦးလှအောင်က RFA ကို ပြောပါတယ်။
ရန်ကုန်မြို့ကြီးဟာ ယာဉ်ကြောပိတ်ဆို့ပြီး၊ သွားလာရေးခက်ခဲလွန်းသလို လိုင်းကားတွေကလည်း စည်းကမ်း မဲ့မောင်းနှင်တာ၊ ရပ်နားတာ၊ ခရီးသည်တွေကို အလုအယက်ခေါ်ယူတာ၊ ကျော်တက်တာတွေကြောင့် ခရီးသွားပြည်သူတွေမှာ နေ့စဉ်အန္တရာယ်တွေနဲ့ ကြုံနေရတာတွေလည်းရှိတယ်လို့ ရန်ကုန်မြို့ခံတွေ က ပြောပါတယ်။
ဒါ့အပြင် ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဈေးရောင်းပြီး ဝမ်းကျောင်းရသူတွေများနေပြီး သူတို့အတွက် ဈေးရောင်းမယ့်နေရာ သတ်မှတ်ပေးနိုင်မယ့် ကွက်လပ်မြေတွေမရှိတော့လို့ လမ်းဘေး မှာဈေးဗန်းခင်းရောင်းချကြရတာကလည်း လမ်းတွေပိတ်ဆို့စေတဲ့ အကြောင်းရင်းထဲမှာပါနေသလို၊ ကားအစီးရေနဲ့ လမ်းအကျယ်အဝန်းမမျှတော့တာဟာလည်း ယာဉ်စည်းကမ်းပျက်စေတဲ့ ပြဿနာတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယာဉ်စည်းကမ်းထိမ်းသိမ်းရေးအတွက် ဥပဒေထုတ်ရုံတစ်နည်းတည်းနဲ့ မပြေလည်နိုင်ဘဲ ဘက်ပေါင်းစုံ ကိုဖြေရှင်းမှ ပြေလည်နိုင်မယ်လို့ သုံးသပ်ကြပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။