သတင်းမှားယွင်းဖော်ပြမှု ကျပ်သိန်း ၆ဝဝဝ နစ်နာကြေးတောင်း
2015.04.10
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုသတင်းကို ဒီမိုကရေစီတူဒေး သတင်းစာမှာ ယာဉ်လိုင်းနာမည် မှားယွင်းဖော်ပြခဲ့တဲ့အတွက် နစ်နာကြေးအဖြစ် ကျပ်သိန်းပေါင်း ခြောက်ထောင် လျော်ကြေးပေးဖို့ မှားယွင်းဖေါ်ပြခံရတဲ့ ရွှေစင်စြင်္ကာယာဉ်လိုင်းက တောင်းဆို လိုက်ပါတယ်။
ဧပြီ ၇ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ မှားယွင်းဖော်ပြခဲ့တဲ့အတွက် ယာဉ်လိုင်းမှာ နစ်နာမှုတွေရှိခဲ့ တာကြောင့် နစ်နာကြေးတောင်းတာဖြစ်တယ်လို့ ရွှေစင်စြင်္ကာယာဉ်လိုင်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးနေလက ပြော ပါတယ်။
"ဒီမိုကရေစီတူဒေးကဗျ သူ့သတင်းစာမှာပါတာက ရွှေစင်စြင်္ကာရဲ့ ယာဉ်တိုက်မှုသတင်းဆိုပြီးတော့ ၇ ရက်နေ့က ဖေါ်ပြပါတယ်၊ အဲ့ဒီတော့ ကျနော်တို့က ၁ ရက်နေ့မှာ MNTV နဲ့ ပတ်သက်ပြီး သတင်းစာကြော်ငြာချက်ပါတာပဲ၊ ဒါဆိုလို့ရှိရင် ဘယ်လိုမဆို မီဒီယာလောကမှာနေတဲ့ လူတွေအားလုံးဟာ ဒီလောက်ကတော့ သူတို့ရဲ့အမှားကိုသိလောက်ပြီလို့ထင်ပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က ၉ ရက်နေ့ထုတ်တဲ့ ဒီမိုကရေစီတူဒေးသတင်းစာကို စောင့်ကြည့်ပါတယ် အမှားပြင်ဆင်ချက်မပါပါဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကနေပြီးတော့ ၉ ရက်နေ့မှာတိုက်ရိုက် ဒီမိုကရေစီတူဒေး သတင်းစာ တိုက်ကို နစ်နာကြေးတောင်းခံတဲ့ စာပို့ပါတယ်၊ နစ်နာကြေးတောင်းခံတဲ့ ငွေကြေးပမာဏက သိန်း ၆ဝဝဝ ဖြစ်ပါတယ်"
အလားတူ ယာဉ်လိုင်းနာမည်မှားယွင်းဖော်ပြခဲ့တဲ့ Skynet မီဒီယာလက်အောက်မှာရှိတဲ့ MNTV ရုပ်သံဌာနကိုလည်း တစ်ပတ်အတွင်း နစ်နာကြေးအဖြစ် ကျပ်သိန်းပေါင်း တစ်သောင်း ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။
MNTV ရုပ်သံဌာနက တောင်းပန်ကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ထည့်သွင်းခဲ့ပေမဲ့ ရွှေစင်စြင်္ကာ ယာဉ်လိုင်းအနေနဲ့ နစ်နာကြေးကို ဆက်လက်တောင်းခံသွားမှာဖြစ်တယ်လို့ ရှေ့နေ ဦးနေလက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ ရွှေစြင်္ကာနဲ့ မန်းရာဇာ အဝေးပြေးကား နှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကို MNTV ရုပ်သံဌာနနဲ့ ဒီမိုကရေစီတူဒေး သတင်းစာတို့မှာ ရွှေစင်စြင်္ကာယာဉ်လိုင်း နာမည်နဲ့ မှားယွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
ရွှေစြင်္ကာနဲ့ မန်းရာဇာတို့ ယာဉ်တိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၅ ဦးအတွက် အာမခံလျော်ကြေး စုစုပေါင်း ကျပ် ၆၃ သိန်း ၃သောင်းကို ကမ္ဘောဇဘဏ်ရဲ့ အာမခံဌာနက ဒီနေ့ ပေးအပ်ခဲ့ပါတယ်။
အဲ့ဒီယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၆ ဦးရှိရာ ၁ ဦးက မန္တလေးဆေးရုံမှာ ဆေးဝါးကုသနေ တဲ့အတွက် ဒီနေ့ ၁၅ ဦးအတွက် အာမခံကြေးပေးတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးအောင်စိုးဦးက ပြောပါတယ်။
"လောလောဆယ် ၁၅ ယောက်စာအတွက်ပေါ့နော် ၆၃ သိန်း ၃ သောင်းပါ၊ တစ်ယောက်ကတော့ သူတို့မန္တလေးဆေးရုံးမှာ ဆေးဆက်ကုနေတယ်ဆိုတော့ ကျနော်တို့ သေချာမသိရသေးလို့ပါခင်ဗျ၊ အားလုံး ၁၅ ယောက်စာပေါ့နော် အခုဟာ အဲ့ဒီမှာ အသေအပျောက်မရှိဘူးလေ၊ ဒဏ်ရာအနည်းငယ် ရတဲ့လူတွေပဲရှိတဲ့အတွက်ကို အဲ့ဒီအတွက်ကိုသူတို့က အချိုးနဲ့ပြန်ပြီးတော့ပေးတာပေါ့"
အဝေးပြေးယာဉ်လိုင်း ကားဂိတ်တွေမှာ လက်မှတ်ဝယ်ယူရာ အာမခံကြေးယူထားတာဖြစ်ပြီး အဲ့ဒီငွေကို ခရီးသွားအာမခံကြေးအဖြစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်းမှာ အပ်နှံထားတာဖြစ်ပါတယ်။
အခုလို နစ်နာကြေးတောင်းခံမှုနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။