မောင်တောမှာ ဒေသခံတွေ တိုက်ခိုက်ခံရတဲ့အတွက် တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေလို့ဆို
2018.12.20
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အထက်ပြူးမရွာနားမှာ ဒေသခံတိုင်းရင်းသား ၄ ယောက်တိုက်ခိုက်ခံရပြီး တဲ့နောက် လုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ တရက်ထဲမှာ တိုက်ခိုက်ခံရမှှု ၂ မှုဖြစ်ခဲ့ပါတယ်။ အဲဒီ ထဲက ဖြစ်ရပ်တခုဟာ ရိုဟင်ဂျာမွတ်စလင်တွေ တိုက်ခိုက်တာလို့ စွပ်စွဲထားတဲ့အကြောင်း AFP သတင်းကဖော်ပြ ပါတယ်။
ရခိုင်တိုင်းရင်းသားတွေဖြစ်တဲ့ အထက်ပြူးမရွာသား ဦးမောင်ထွန်းအေးနဲ့ ရသေ့တောင်မြို့နယ် အုန်းချောင်းရွာသား ဦးမောင်မောင်သန်းတို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေက ငါးရှာထွက်သွားကြပြီး၊ အိမ်ပြန်ရောက်မလာကြတဲ့အတွက် ရွာသားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ လိုက်ရှာတဲ့အခါ ပြူးမချောင်း ဘေးမှာ လည်လှီးအသတ်ခံထားရတာတွေ့ရ တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့သတင်းမှာ ရေးထားပါတယ်။
အဲဒီလူသတ်မှုဖြစ်ခဲ့တဲ့နေ့နဲ့ တရက်ထဲဖြစ်တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာပဲ၊ ကျိန်ချောင်းအလယ်ရွာက မရမာကြီး တိုင်းရင်းသားတွေဖြစ်တဲ့ မောင်သာလှနဲ့ စောထွန်းဦးတို့ကို ဘင်္ဂါလီစကားပြောတဲ့လူ ၆ ယောက်က ပြူးမချောင်း ကမ်းစပ်ကိုခေါ်သွားပြီး၊ ဝိုင်းဝန်းတိုက်ခိုက်ကြတဲ့အတွက် အကူအညီတောင်းလို့ ရွာသားတွေနဲ့ရွာအုပ်ချုပ်ရေး အဖွဲ့ရောက်သွားတဲ့အခါ တိုက်ခိုက်သူ ၆ ယောက်က နတ်မြစ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့သတင်းမှာ ဖော်ပြထားပါတယ်။ ဦးခေါင်းဒဏ်ရာရသွားတဲ့ မောင်သာလှကို ကျိန်ချောင်းရွာဆေးပေးခန်း မှာ ကုသနေတယ်လို့လည်းဆိုပါတယ်။
ဒီကိစ္စဖြစ်ပေါ်ပြီးနောက် အဲဒီပြုးမချောင်းတလျှောက် လုံခြုံရေးတိုးမြှင့်ချထားပြီး၊ နယ်မြေရှင်းလင်းရေးလုပ်နေတယ် လို့လည်း ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့သတင်းမှာဖေါ်ပြပါတယ်။
ဒါပေမဲ့ ဒေသခံတွေကို RFA က မေးမြန်းချက်အရ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ တိုးချထားတာဟုတ်ပေမယ့်၊ နယ်မြေရှင်းလင်းရေးလုပ်နေတာမျိုး မတွေ့ရဘူးလို့ပြောပါတယ်။ ဒါ့အပြင် လူနှစ်ယောက် အသတ်ခံရတဲ့ အထက်ပြူးမရွာမှာ နေထိုင်သူတဝက်လောက်ရွာကို စွန့်ခွာသွားတယ်လို့ ပြောပါတယ်။
အထက်ပြူးမရွာဟာ ၂၀၁၇ ခုနှစ် အာဆာအကြမ်းဖက်သမားတွေ တိုက်ခိုက်ချိန်က မီးရှို့ခံရပြီး တရွာလုံးမီးလောင် သွားတဲ့ရွာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အစိုးရက အိမ် ၁၆ လုံး ပြန်ဆောက်လုပ်ပေးထားပြီး နေထိုင်သူ ၅၀ ကျော် ရှိပါတယ်။