ငါးရှာရင်း ပျောက်ဆုံးနေတဲ့ ရွာသား ၂ ဦးရဲ့ ရုပ်အလောင်း ပြန်တွေ့


2018.12.19
2-villagers-corpse-622.JPG အသတ်ခံရတဲ့ အထက်ပြူးမရွာသား နှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့စဉ်
.

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း အထက်ပြူးမကျေးရွာက ငါးရှာရင်းပျောက်ဆုံးနေတဲ့ ဒေသခံနှစ်ဦးရဲ့ ရုပ်အလောင်းကို ရွာသားတွေက ဒီနေ့မနက် ၁၁ နာရီခွဲအချိန်လောက်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးကို အထက်ပြူးမရဲ့ တောင်ရင်းရွာအနီးမှာ လည်ပင်းပြတ်ရှတဲ့ ဒဏ်ရာနဲ့တွေ့ခဲ့ရတာလို့ အထက်ပြူး မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က RFA ကို ပြောပါတယ်။

အဲဒီရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့ကစစ်ဆေးနေပြီး ဘယ်သူတွေသတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူး လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့တဲ့နေရာဟာ ချောင်းကမ်းစပ်အနီး လယ်ကွင်းပြင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

သတ်ဖြတ်ခံရသူ အမျိုးသားနှစ်ဦးဟာ အသက် ၅၀ ကျော်အရွယ် လူကြီးတွေဖြစ်ကြပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ညက ရွာအနီးက ချောင်းအတွင်း လက်ခတ်လှေနဲ့ ငါးရှာဖို့ထွက်ခွာသွားရာမှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မောင်တောမြို့နယ်ထဲက အထက်ပြူးမချောင်းမှာ ငါးရှာနေတဲ့ ကြိမ်ချောင်းကျေးရွာက မာရမာ ကြီး တိုင်းရင်းသားနှစ်ဦးကို အမည်မသိ လူတစ်စုက ဒီဇင်ဘာလ ၁၇ ရက်နေ့ညက တိုက်ခိုက်ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး မောင်တောဆေးရုံကို မနေ့မနက်က ပို့ဆောင်ခဲ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ မာရမာကြီး တိုင်းရင်းသား နှစ်ဦးဟာ ရုန်းကန်ပြီး ထွက်ပြေးခဲ့တာကြောင့် အသက်မသေဘဲ လွတ်မြောက်ခဲ့တာဖြစ်ပြီး ကြိမ်ချောင်း တိုက်နယ် ဆေးရုံကနေတဆင့်  မောင်တောဆေးရုံကြီးကို မနေ့က ပို့ဆောင်ထားတယ်လို့ ကြိမ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။