မာရမာကြီး တိုင်းရင်းသားနှစ်ဦး တိုက်ခိုက်ခံရ


2018.12.18
maramargyi-attack-622.jpg တိုက်ခိုက်ရိုက်နှက်ခံခဲ့ရတဲ့ မာရမာကြီး တိုင်းရင်းသားတစ်ဦး (အကျီအဝါ) ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမချောင်းထဲမှာ ငါးရှာနေတဲ့ ကြိမ်ချောင်းကျေးရွာက မာရမာကြီး တိုင်းရင်းသားနှစ်ဦးကို အမည်မသိ လူတစ်စုက မနေ့ညက တိုက်ခိုက်ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး မောင်တောဆေးရုံကို ဒီနေ့မနက်က ပို့ဆောင်လိုက်တယ်လို့ ကျေးရွာအုပ်ချုပ်ရေး မှူးတွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ မာရမာကြီး တိုင်းရင်းသား နှစ်ဦးဟာ ရုန်းကန်ပြီး ထွက်ပြေးခဲ့တာကြောင့် အသက်မသေဘဲ လွတ်မြောက်ခဲ့တာဖြစ်ပြီး ကြိမ်ချောင်း တိုက်နယ် ဆေးရုံကနေတစ်ဆင့် ဒီနေ့မှာ မောင်တောဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ကြိမ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် က ပြောပါတယ်။

လွတ်မြောက်လာသူတွေကို စစ်ဆေးမေးမြန်းချက်အရ အမည်မသိလူ ၆ ဦးဟာ လှေနဲ့ ရောက်ရှိလာတာ ဖြစ်ပြီး မျှောပိုက်ချနေတဲ့ သူတို့နှစ်ဦးကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဝိုင်းဝန်းတိုက်ခိုက်တဲ့လူ ၆ ဦးဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ပြီး ဘယ်သူတွေဖြစ်တယ်ဆိုတာကို တိတိကျကျ မသိရသေးဘူးလို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီအတောအတွင်း မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုး မှတ်တိုင် ၄၁ နဲ့ ၄၂ ကြားမှာ ကင်းလှည့်နေတဲ့ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ချောင်းမြောင်းပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်သား တစ်ဦး ဒဏ်ရာရသွားတယ်လို့ အစိုးရ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာကနေ မာရမာကြီး တိုင်းရင်းသားနှစ်ဦးဟာ မနေ့က ည ၈ နာရီလောက်မှာ ကြိမ်ချောင်းကျေးရွာနဲ့ ၂ မိုင်လောက်ကွာဝေးတဲ့ အထက်ပြူးမချောင်းဘက်ကို ငါးရှာဖို့လှေနဲ့ ထွက်သွားခဲ့ကြရာမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ပြူမချောင်းထဲက မျောချောင်းကျေးရွာအနီးမှာ မျှောပိုက်ချနေစဉ် ည ၁၁ နာရီလောက်အချိန်မှာ အမည်မသိလူ ၆ ဦးက လှေနှစ်စီးနဲ့ ရောက်ရှိလာပြီး သူတို့စီးလာတဲ့လှေကို ကြားညှပ်ပြီး သတ်ဖြတ်ဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့ တိုက်ခိုက် ခံရသူနှစ်ဦးရဲ့ ထွက်ဆိုချက်တွေကို ကိုးကားပြီး ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် က ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် သူတို့နှစ်ဦးအထဲက တစ်ဦးက ဦးခေါင်းမှာပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့လည်း အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ကပြောပါတယ်။

"ပြူးမချောင်းပေါ့ အဲဒီမှာ သူတို့ငါးသွားရှာကြတာ။ လှော်တက်နဲ့အရိုက်ရပြီး ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့ တစ်ယောက်က သူကလှေပေါ်ကခုန်ပြီးတော့ ဆင်းပြေးတာပေါ့နော။ ပြေးတဲ့အချိန်မှာ တက်နဲ့လိုက်ပြီးတော့ ရိုက်တာ။ သူတို့အော်တော့ အဲဒီ ပြူးမရွာက ရခိုင်တွေအသံကြားတော့ ဓာတ်မီးတွေနဲ့ လိုက်လာကြတယ်။ ကံကောင်းသွားတော့ ကုလားတွေက အကုန်လုံး ထွက်ပြေးသွားတယ်။ သူတို့နဲ့အတူ လှေလည်းပါသွားတယ်။ ဦးခေါင်းမှာဒဏ်ရာက ချုပ်ရတာ အချက် ၂၀ ကျော်တယ်။ အခုကျနော်တို့ ကြိမ်ချောင်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီးတော့ မောင်တောကို ဆင်းသွားပါပြီ မောင်တောဆေးရုံ တက်ဖို့အတွက်ပါ"

တစ်ချိန်တည်းမှာပဲ အထက်ပြူးမကျေးရွာက ဒေသခံနှစ်ဦးဟာ မနေ့ညနေ ၅ နာရီလောက်က ချောင်းထဲမှာ ငါးရှာဖို့ ထွက်ခွာသွားရာကနေ ပျောက်ဆုံးနေပါတယ်။

ည ၁၁ နာရီအချိန်အထိ အိမ်ပြန်ရောက်မလာတဲ့အတွက် အောက်ပြူးမ ရဲကင်းစခန်းကို အကြောင်းကြားပြီး ရှာဖွေရေးတွေ လုပ်ဆောင်ရာမှာ မာရမာကြီး တိုင်းရင်းသားနှစ်ဦးကို ဒဏ်ရာတွေနဲ့ ကမ်းစပ်အနီးမှာ တွေ့ရှိခဲ့ကြ တာဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ လူနှစ်ဦးကိုတော့ အခုညနေပိုင်းအထိ ရှာမတွေ့သေးဘူးလို့ အထက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က ပြောပါတယ်။

"သူတို့က ငါးရှာဖို့သွားရင်းနဲ့ပျောက်သွားတာ။ ကျနော်တို့ရွာက အဲဒီနှစ်ယောက်တည်းပါ။ ရွာသားတွေ လိုက်ရှာနေကြပါတယ်။ လောလောဆယ်တော့ ရှာမတွေ့သေးပါဘူး။ အရင်တုန်းက အခုလိုဖြစ်ရပ်တွေ ကျနော်တို့ရွာမှာ မရှိခဲ့ဘူးခင်ဗျ"

မနေ့ညကတိုက်ခိုက်ခံရသူနှစ်ဦးထဲက တစ်ဦးဟာ ဒဏ်ရာပြင်းထန်ပြီး့ နောက်ထပ်တစ်ယောက်ကတော့ ထိုးကြိတ်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ မောင်တောဆေးရုံမှာ လူနာတွေနဲ့သွားတွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် မီးတိုက်နဲ့ တမန်းသားကျေးရွာကနေ ထွက်ပြေးလာပြီး ကြိမ်ချောင်းကျေးရွာမှာ မှီခိုင်နေထိုင်ကြသူတွေဖြစ်ပါတယ်။

တိုက်ခိုက်ခဲ့တဲ့လူ ၆ ဦးဟာ မွတ်စလင်တွေဖြစ်ပေမယ့် ဘယ်မှာနေထိုင်သူတွေ ဖြစ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရဘူးလို့ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် က ပြောပါတယ်။

မနေ့က ပျောက်ဆုံးနေတဲ့လူနှစ်ဦး ကိစ္စနဲ့ပတ်သက်ပြီး မိသားစုတွေက ငခူရနယ်မြေရဲစခန်းမှာ ဒီနေ့မနက်က တိုင်ချက်ဖွင့်ထားတယ်လို့လည်း သိရပါတယ်။

မောင်တောဒေသမှာ ဌာနေတိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား တဘက်နဲ့တဘက် မယုံကြည်မှုတွေဟာ ခေတ်အဆက်ဆက်တည်ရှိနေခဲ့တာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ နောက်ပိုင်းမှာတော့ နှစ်ဘက်မယုံကြည်မှုတွေဟာ ပိုမိုဆိုးဝါးလာခဲ့ပါတယ်။

မနေ့ကတိုက်ခိုက်ခဲ့တဲ့ အမည်မသိ မွတ်စလင် ၆ ဦးဟာ မောင်တောဒေသမှာ နေထိုင်သူတွေဖြစ်ကြောင်း ယူဆရတယ်လို့ပြောကြပေမယ့်လည်း သူတို့ဘာကြောင့် အခုလိုတိုက်ခိုက်တယ်ဆိုတာကတော့ သက်ဆိုင် ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေက တိတိကျကျပြောဆိုနိုင်ခြင်း မရှိကြပါဘူး။

ဒီဖြစ်စဉ်တွေကြောင့် ဌာနေတိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

မောင်တောဒေသမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်ရဲတပ်ရင်းမှူးတစ်ဦးကို RFA ကဆက်သွယ် မေးမြန်းရာမှာတော့ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

"ကျနော် မြေပြင်မှာ ရှင်းနေလို့ပါခင်ဗျ။ ခဏလေးပါနော်။ ဒီမှာ ရှင်းလင်းရေးတွေ လုပ်နေရလို့ပါ"

မောင်တော မြောက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနောက်ပိုင်း ဌာနေတိုင်းရင်း သားတွေဟာ တောတောင်ချောင်းမြောင်းတွေထဲက သူတို့ရဲ့လုပ်ငန်းခွင်တွေအတွင်းမှာ မကြာခဏဆိုသလို အခုလိုတိုက်ခိုက်ခံရမှုတွေရှိနေတာဖြစ်ပါတယ်။

ရခိုင်နိုင်ငံရေးပါတီတွေနဲ့ ဒေသခံတွေဟာ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဌာနေတိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးအာမခံချက်ရရှိအောင်ဆောင်ရွက်ပေးဖို့ အစိုးရတာဝန်ရှိသူတွေကို စဉ်ဆက်မပြတ် တောင်းဆိုမှုတွေ ပြုလုပ်နေကြတာလည်းဖြစ်ပါတယ် ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။