ကျေးစာကျရွာက နေအိမ်နှစ်လုံး မီးရှို့ဖျက်ဆီးခံရ
2022.02.17

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပံတောင်းတောင်အနီး ကျေးစာကျရွာက နေအိမ် အချို့ကို ဖေဖော်ဝါရီလ ၁၇ ရက် ဒီနေ့မှာ စစ်တပ်က ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ပုသိမ် - မုံရွာ ကားလမ်းဘေးမှာရှိတဲ့ ယင်းမာပင်မြို့နယ်ထဲက တိုက်နယ်ဆေးရုံတစ်ခု အနီးမှာ စစ်ကောင်စီယာဉ်တန်း ဒီကနေ့ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အနီးဆုံးမှာရှိတဲ့ ကျေးစာကျရွာကို အခုလို ဝင်ရောက်မီးရှို့သွားတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်ပံတောင်းတောင်နားမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခံရတော့ ရဲတပ်ရင်း (၂၈) က ရဲတွေ အပြင်ထွက်လာပြီး အနားက ရွာတွေကို ဝင်မွှေတယ်၊ ဝင်မွှေတဲ့ရဲတွေ ထပ်ပြီးမိုင်းဆွဲခံရတော့ ပုသိမ်-မုံရွာလမ်းဘေး ကျေးစာကျရွာက အိမ်နှစ်လုံးကို မီးရှို့ သွားတယ်၊ လတ်တလောတော့ အဲဒီလောက်ပဲ သိထားရသေးတယ်"
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခိုက်ခံရတာကြောင့် သေဆုံးထိခိုက်မှုရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုလည်း RFA က ဆက်သွယ်လို့ မရသေးပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျေးစာကျရွာအနီးက အောင်မိုးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ရဲတပ်ရင်း ၂၈ အနီးမှာရှိတဲ့ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်ထဲက ဒုန်းတော၊ ဂုဏ်တော၊ ကျေးစာကျ၊ အောင်မိုးနဲ့ ဘိန်းနွယ်ချောင် အပါအဝင် ရွာပေါင်း (၈) ရွာလောက်က ဒေသခံ ငါးထောင်ဝန်းကျင်ဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေ ထဲမှာ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။