သေဒဏ်သတင်း ထွက်ပြီးနောက် မန္တလေးမှာ လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးခံရ

2022.07.26
သေဒဏ်သတင်း ထွက်ပြီးနောက် မန္တလေးမှာ လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးခံရ မန္တလေးမြို့မှာ ကင်းလှည့်နေသည့် ရဲကားများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်ပြီလို့ ဇူလိုင်လ ၂၅ ရက် မနေ့က ထုတ်ပြန်ပြီးနောက် မန္တလေးမြို့မှာ လုံခြုံရေး တွေ အရင်ထက် ပိုမိုတင်းကျပ်စစ်ဆေးခဲ့ပြီး လူငယ် ၂၀ ဦးထက်မနည်းကိုလည်း ဖမ်းသွားတယ် လို့ မြို့ခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေဟာ လက်ရှိ နေ့ဘက်တင်မကဘဲ ညဘက်တွေပါ ရပ်ကွက်တွေထဲအထိ ဝင်ရောက် စစ်ဆေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
 
“မနေ့က တစ်နေကုန်ကို တစ်မြို့လုံးစစ်တာ။ ညဘက်မှာလည်း ပြည်ကြီးတံခွန်ဘက်တွေ လိုက်စစ်တယ်။ အခုက ဖုန်းတွေပါစစ်တာ။ ပရိုဖိုင်မှာ အနီ၊ အနက် တင်ထားရင်ကို အပြင် မထွက်ရဲဘူး။ လူငယ်တွေဆိုလည်း သူတို့မသင်္ကာရင် ဖမ်းသွားတာ။ အခုက ဘယ်မှာပဲနေနေ လုံခြုံမှုမရှိကြတဲ့ ဘ၀တွေပါ”
 
ဇူလိုင်လ ၂၆ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်သားတွေ မြို့ထဲမှာ လှည့်လည်ပြီး စစ်ဆေး တာတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
 
လက်ရှိမြင်တွေ့ခဲ့ရတာက စစ်ဆေးတဲ့နေရာမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သားတွေက စစ်ဆေးနေတာဖြစ်ပြီး အခြားအဖွဲ့အစည်းတွေ မပါဝင်ဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ဘယ်သူဘယ်ဝါတွေဆိုတာတော့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
 
စစ်ကောင်စီရဲ့ သေဒဏ်စီရင်ခံရတဲ့ လေးဦးအတွက် တုံ့ပြန်တဲ့အနေနဲ့ မန္တလေးမြို့ အမရပူရ မြို့နယ် တောင်သမန်အင်းအနီးက စစ်ကောင်စီတပ်ဝန်းထဲကို ဇူလိုင်လ ၂၅ ရက် မနေ့မှာ မိုင်းနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ရဲ့ Freeland Attack Force က ထုတ်ပြန်ထား ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။