၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုကြောင်း လွှတ်တော်ရုံး ထုတ်ပြန်ချက်ကို တပ်မတော်သား ကိုယ်စားလှယ် ကန့်ကွက်
2016.08.30

မနက်ဖြန်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ချက်ထဲမှာ "ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု" ဆိုတဲ့စာသား ပါဝင်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်လိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ကန့်ကွက်ခဲ့ရာ မဲခွဲဆုံးဖြတ်ပြီး ထုတ်ပြန်ချက်ကို ထောက်ခံသူများတာကြောင့် အတည်ပြုခဲ့တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
''ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့စာသားဟာ အခုသူတို့ တပ်မတော်က ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတဲ့အတွက် ဒါကို သူတို့ဘက်က ကန့်ကွက်ပါတယ်ဆိုပြီး မတ်တပ်ရပ်ပြီးတော့ ထပြောတာပေါ့၊ လွှတ်တော်နာယကက ဒါကို မဲခွဲပြီးတော့ဆုံးဖြတ်ပါတယ်။ ထောက်ခံမဲက ၃၀၁ မဲ၊ ကန့်ကွက်မဲက ၁၈၄ မဲ၊ ကြားနေမဲက ၅ မဲဆိုတော့ ကျွန်တော်တို့လွှတ်တော်က လှိုက်လှဲစွာ ထောက်ခံ ကြိုဆိုကြောင်းဆိုတဲ့ ဒီနေ့ထုတ်ပြန်ချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်" လို့ ကိုယ်စားလှယ် ဦးဖေသန်း က ပြောတာဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် မဟာဗျူဟာမြောက် ဖြေရှင်းချက်ဖြစ် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လှိုက်လဲှစွာ ထောက်ခံကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်တာဖြစ်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကြိုဆိုပေမယ့် ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေတဲ့ စကားစုအသုံးအနှုန်းတွေ ကို ပြင်ဆင်ထုတ်ပြန်ပေးဖို့ အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
မနက်ဖြန် သြဂုတ်လ ၃၁ ရက်နေ့မှာကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့အတူ နိုင်ငံတကာက ပုဂ္ဂိုလ်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။