၂၁ ပင်လုံညီလာခံကို အင်းတော်မြို့မှာ ထောက်ခံကြိုဆို
2017.03.01

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာ ဒီနေ့ ဒေသခံ ၄၀၀ ကျော်က စုပေါင်း လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။
ငြိမ်းချမ်းမှသာ ပြည်သူအားလုံး လုံခြုံစိတ်ချစွာနဲ့ သွားလာလုပ်ကိုင်ဖို့ အဆင်ပြေမှာဖြစ်တယ်လို့ ထောက်ခံကြိုဆိုပွဲမှာ ပါဝင်တဲ့ ဒေသခံ ဦးသိန်းဝင်း က ပြောပါတယ်။
"ကျနော်တို့ဖြစ်ချင်တာကတော့ ဘယ်ကိုသွားသွား ဘယ်ကိုလာလာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တာပေါ့၊ အားလုံးက ငြိမ်းချမ်းရေးရမှ အဆင်ပြေမှာ"
ချီတက်လမ်းလျှောက်ကြတဲ့ ဒေသခံတွေဟာ နိုင်ငံတော် အလံတွေနဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြို ဆိုကြောင်း ပိုစတာတွေ ကိုင်ဆောင်ပြီး အင်းတော်မြို့တပတ် လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ ထောက်ခံကြိုဆိုပွဲကို အင်းတော်မြို့နယ် NLD ပါတီ က ဦးဆောင်တာဖြစ်ပြီး မဲဇာ၊ အလယ်ဆိပ်၊ သံဘို ၊ မော်လူး၊ မော်တိတ် စတဲ့ ကျေးရွာအုပ်စု ၄၃ ခု က ရှမ်း၊ ဗမာ၊ ကတူး၊ ကနန်း စတဲ့ ဒေသခံ တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ သတ္တိရှိရှိနဲ့ လက်မှတ်ရေးထိုးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း ဖိတ်ခေါ်ခဲ့ပါတယ်။