ရန်ကုန်က တရုတ်အထည်ချုပ်စက်ရုံ အလုပ်သမား ၁၂၀၀ ကျော် နစ်နာကြေး ငြင်းဆိုခံနေရ

2021.12.29
ရန်ကုန်က တရုတ်အထည်ချုပ်စက်ရုံ အလုပ်သမား ၁၂၀၀ ကျော် နစ်နာကြေး ငြင်းဆိုခံနေရ လုပ်ခနဲ့ နစ်နာကြေးတွေ အမြန်ဆုံးပေးချေဖို့ ဆိုလာမိုဒါ -၂ စက်ရုံအလုပ်သမားတွေ ဆန္ဒပြတောင်းဆိုစဉ်
Photo: STUM
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ မီးလောင်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ တရုတ်နိုင်ငံသားပိုင် အမှတ်(၂) ဆိုလာမိုဒါ (Solamoda 2) အထည်ချုပ်စက်ရုံ အလုပ်သမား ၁၂၀၀ ကျော်အတွက် နစ်နာကြေးနဲ့ လျော်ကြေး ကျပ်သန်းနှစ်ထောင်ကျော်ပေးဖို့ တောင်းဆိုမှုကို ငြင်းဆိုခံနေရတယ်လို့ အဲဒီစက်ရုံအလုပ်သမား ခေါင်းဆောင် တစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
 
တရုတ်နိုင်ငံသားတွေပိုင်ဆိုင်တဲ့ Myanmar Sunview 2 ကုမ္ပဏီရဲ့ အမှတ်(၂) ဆိုလာမိုဒါ (Solamoda 2) အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က မီးလောင်ကျွမ်းခဲ့ပြီးနောက် အချိန် ၉ လကြာ လာတဲ့အထိ အလုပ်သမားတွေကို ကျန်ရှိတဲ့ လုပ်ခလစာ၊ နစ်နာကြေးတွေပေးဖို့ စက်ရုံတာဝန်ရှိသူတွေက ပျက်ကွက်နေတာလို့ ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ယောက်က RFA ကို ပြောပါတယ်။
 
"သူတို့ဘက်ကတော့ ကျန်ခဲ့တဲ့လစာကို ပေးမယ်ပြောတယ်။ ဒါပေမဲ့ တစ်လပိုင်းရယ်၊ ခြောက်လပိုင်းရယ် ဆိုပြီး ခွဲပေးမယ်ပြောတာ။ အဲဒီတော့ ကျွန်တော်တို့ အဆင်မပြေတော့ဘူးလေ။ သူတို့ကို အချိန်ပေးခဲ့တာ ၉ လကြာခဲ့ပြီ။ ကျန်နေတဲ့ လုပ်ခလစာ ဆိုတာက မီးပဲလောင်လောင် ဘာပဲဖြစ်ဖြစ် ပေးကိုပေးရမှာ။ အဲဒီကတည်းက စဉ်းစားထားရမှာလေ"
 
အလုပ်သမားတွေအနေနဲ့ ကျန်ရှိနေတဲ့ လုပ်ခလစာကို လာမယ့်နှစ် ဖေဖော်ဝါရီနဲ့ မတ်လမှာ ခွဲပေးဖို့ ဒါမှမဟုတ် မတ်လမှာ ကျန်ရှိနေတဲ့ လုပ်ခလစာအကုန်ပေးဖို့ကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
 
ဒါပေမဲ့လည်း စက်ရုံဘက်က ၉ လကြာ ဝင်ငွေမရဘဲ ရပ်တည်နေရတဲ့ အလုပ်သမားတွေရဲ့ အခြေအနေ အတွက် လျော်ကြေးပေးနိုင်ဖို့ကိုတော့ အကြိမ်ကြိမ်ငြင်းဆိုထားတယ်လို့ အဲဒီအလုပ်သမားခေါင်းဆောင်က ပြောပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်လို့ စက်ရုံဘက်က တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။
 
အဲဒီစက်ရုံဟာ မီးလောင်မှုဖြစ်ကတည်းက အလုပ်သမားတွေကို တစ်စုံတစ်ရာအသိမပေးဘဲ လုပ်ငန်းတွေကို ရပ်ထားခဲ့တာလို့ လည်းဆိုပါတယ်။
 
အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ကတော့ အဲဒီစက်ရုံကို အပြီးပိတ်တာလား၊ အလုပ်သမားတွေကို ပြန်ခေါ်ဖို့ရှိလားဆိုတာကို တိတိကျကျ မသိရဘူးလို့ ပြောပါတယ်။
 
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အလုပ်သမား ၁၂၀၀ ကျော်ထဲက လက်ရှိ ဆက်သွယ်လို့ရတဲ့ အဲဒီဒီစက်ရုံ အလုပ်သမား ၁၀၆၈ ယောက်အတွက် အလုပ်သမား ဥပဒေအတိုင်းဆိုရင် အလုပ်ထုတ်ကြေး၊ နို့တစ်ကြေး၊ ကြားကာလ နစ်နာကြေးအနေနဲ့ စက်ရုံဘက်က သန်း နှစ်ထောင်ကျော် ပေးဆောင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။