ကျေးသီး ကျိုင်းတုံနဲ့ မိုင်းရှူးမဲဆန္ဒ နယ်တွေမှာ စောင့်ကြည့်ပေးဖို့ တိုက်တွန်း
2017.02.03

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဝင်ရောက်ယှဉ်ပြိုင် မယ့် ကျိုင်းတုံ၊ ကျေးသီးနဲ့ မိုင်းရှူးမြို့နယ်တွေက မဲဆန္ဒနယ်မြေတွေမှာ သံတမန်တွေ၊ သတင်းမီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လာရောက်စောင့်ကြည့်ပေးကြဖို့ SNLD ပါတီက မနေ့က ကြေညာချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်လိုက်ပါတယ်။
SNLD ပါတီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်နေတာကြောင့် ပြိုင်ဘက်ပါတီတွေ က မလိုလားအပ်တဲ့ စွပ်စွဲမှုတွေရှိလာမှာကို စိုးရိမ်တဲ့အတွက် အခုလိုကြေညာချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်ရတာဖြစ် တယ်လို့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် က ပြောပါတယ်။
"ကျနော်တို့ကတော့ အတက်နိုင်ဆုံး စည်းထဲဘောင်ထဲကပဲ လုပ်သွားဖို့ရှိတာပါ။ ဒါပေမဲ့ တချို့သော ပြိုင်ဘက်များက ဒီအပေါ်မှာ တိုက်ခိုက်လာနိုင်ချေလည်းရှိတာပေါ့။ ဒါကြောင့်မို့လို ကျနော်တို့ က နိုင်ငံတကာ အသိုင်းအဝိုင်းကော သတင်းမီဒီယာတွေ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့သူတွေ လာပြီးတော့ ကြည့်ရှုစေချင်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့တယ်၊ ထိတယ်၊ နီးစပ်တယ် ဒါတွေအများကြီး ဖြစ်လာနိုင်တာပေါ့ဗျာ။ ဒါကြောင့် ကျနော်တို့က တမင်သက်သက်ကို တရားဝင် ထုတ်ပြန်ပြီးတော့မှ အားလုံးက ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြဖို့ အဲ့သဘောလုပ်ရချင်းဖြစ်ပါတယ်။"
လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်က ကျေးသီးနဲ့ မိုင်းရှူးမြို့နယ်တွေမှာ မဲဆန္ဒရှင်စာရင်းတွေ ကြေညာထားပြီဖြစ် လို့ မဲပေးခွင့်ရှိသူစာရင်းကွာဟမှု ရှိ၊မရှိကို ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေက လိုက်လံစစ်ဆေးနေတယ် လို့ ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လွှတ်တော်အသီးသီးမှာရှိတဲ့ SNLD ပါတီက ကိုယ်စားလှယ်တွေ၊ ပါတီထိပ်ပိုင်း ခါင်းဆောင်တွေအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်ပြီး ဟောပြောပွဲတွေ ကျင်းပသွားဖို့လည်း စီစဉ်နေတယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းက ကျိုင်းတုံ၊ မိုင်းရှူး၊ ကျေးသီးနဲ့ ညောင်ရွှေမြို့နယ်တွေက လစ်လပ်မဲဆန္ဒနယ် ၈ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ညောင်ရွှေမြို့နယ် ပြည်နယ်မဲဆန္ဒနယ်(၁)မှအပ ကျန် ၇ နေရာမှာ SNLD ပါတီက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။