ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဖို့ အယူခံ ထပ်တင်

လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်ကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကန့်ကွက် အယူခံလွှာ တင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီက ဖြေရှင်းချက်ပေးမယ့်စာကို တနင်္လာနေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။

ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ကို ခရိုင်ကော်မရှင်ရုံးမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကန့်ကွက်ခဲ့တာပါ။ အဲဒီ ကန့်ကွက်လွှာကို ခရိုင်ကော်မရှင်က ပယ်ချပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အယူခံလွှာကို ရန်ကုန်တိုင်း ကော်မရှင်ရုံးမှာ ထပ်တင်ခဲ့ပါတယ်။

ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကတော့ သူတို့အနေနဲ့ ရွေးကောက်ပွဲပုဒ်မ (၂၈-က) အရ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံခဲ့ကြောင်း အကြောင်းပြပြီး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီရဲ့ ကန့်ကွက်လွှာကို ပယ်ချခဲ့တာဖြစ်ပါတယ်။