KIA တပ်သားသစ် စုဆောင်းမှု ရပ်စဲဖို့ SLND တိုက်တွန်း


2016.01.03
snld-sailate-620.jpg SNLD ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်က ကျေးရွာတွေမှာ ကချင် လွတ်မြောက်ရေးတပ်မတော် KIA က ရွာသားတွေကို တပ်သားသစ်အဖြစ် အဓမ္မ ဖမ်းဆီးထားတာတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SLND က တောင်းဆိုလိုက်ပါတယ်။

KIA ဗဟိုဌာနချုပ်အနေနဲ့ အခုဖြစ်စဉ်တွေကို တာဝန်ယူဖို့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုရတာ ဖြစ်တယ်လို့  SNLD ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

"အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ နောက်ပြီးတော့မှ ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်နေတဲ့ ကာလဖြစ်တယ်၊ မလိုလားအပ်တဲ့ တိုင်းရင်းသား အချင်းချင်း ကြားထဲက ပြဿနာ၊ နောက်အရပ်ဖက်၊ စစ်ဖက် ဆက်ဆံနေတဲ့ ပြဿနာတွေကို ဖန်တီးနေတဲ့ ပုံစံမျိုးကိုတော့ ကျနော်တို့အနေနဲ့ လုံးဝကို လက်မခံနိုင်ပါဘူး၊ ဒါကြောင့်ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းတဲ့အနေနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးပြီးတော့မှ တောင်းပန် သင့်ရင်လည်း တောင်းပန် ရမှာပေါ့နော်၊ နောင်နောက် အဲ့လိုကိစ္စမျိုးမပေါ်ပေါက်အောင် KIA အနေနဲ့ သူ့ရဲ့လက်အောက်တပ်ဖွဲ့တွေကို တိတိကျကျလမ်းညွှန်ပေးဖို့ ကျနော် တိုက်တွန်း လိုပါတယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်းက KIA က မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေ ထဲက အမျိုးသမီး၊ အမျိုးသား ၁၅ ဦး ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အများစုက ရှမ်းနဲ့ ပလောင် တိုင်းရင်းသားတွေဖြစ်ကြပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်ထဲမှာ KIA တပ်မဟာ ၄ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး တစ်ရွာ နှစ် ယောက်နှုန်း တပ်သားသစ်ပေးဖို့ ရွာသူကြီးတွေဆီ KIA ရဲ့ ရုံးတံံဆိပ်ပါ စာရွက်တွေ နဲ့ တောင်းဆိုတာဖြစ်တယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးအသွင်ကူးပြောင်းရေးကာလမှာ အခုလို အဓမ္မ ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းမှုကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ SNLD ပါတီရဲ့ ကြေငြာချက်မှာပါတယ်။

SLND တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။