ရှမ်းနှစ်ပါတီ ပူးပေါင်းရေးလုပ်ဖို့ ဆပ်ကော်မတီများ ဖွဲ့စည်း
2014.05.04

ရှမ်းပါတီ နှစ်ပါတီပူးပေါင်းရေးနဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ပူးပေါင်းရေးကိစ္စတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းပြည်ညီညွတ်ရေးကော် မတီ CSSU အစည်းအဝေးက ဆပ်ကော်မတီ တွေ ဖွဲ့စည်းပြီး ဆောင်ရွက်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မေလ ၃ ရက် မနေ့က ပြီးဆုံးသွားတဲ့ အဲဒီအစည်း အဝေးမှာ ရှမ်းပြည်ညီညွတ်ရေး ကော်မတီအနေ နဲ့ နေရာဒေသအနှံ့မှာရှိကြတဲ့ ရှမ်းတိုင်းရင်းသား မျိုးနွယ်တွေ စည်းလုံးညီညွတ်ရေး တည်ဆောက်သွားဖို့ အပါအဝင် ရှမ်းပြည်နယ် ပြည်သူလူထုက ဧပြီလ ၉ ရက်နေ့က တောင်းဆိုပေးပို့လာတဲ့ ပါတီပူးပေါင်းဖို့ လက်နက်ကိုင် အဖွဲ့တွေပူးပေါင်းဖို့ ကိစ္စတွေကို စတင်အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ စိုင်းပင်ခမ်းက ပြောပါတယ်။
"ရှမ်းပါတီနှစ်ပါတီ ပူးပေါင်းရေးနောက်ပြီး ရှမ်း လက်နက်ကိုင်နှစ်ဖွဲ့ ပူးပေါင်းရေး ဒါကိုသူတို့ဟာ ၃၆ဝဝ လောက်လက်မှတ်ထိုးပြီးတော့မှ ပေးပို့လာ တယ်လေ အဲ့ဒီစာအကြောင်းကို အကြောင်းပြုပြီးတော့မှ အလေးအနက်ဆောင်ရွက်သွားမယ် ဒါကို ဆပ်ကော်မတီဖွဲ့ပြီးတော့မှ အဲ့ဒီရှမ်းနှစ်ပါတီနဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဆီကို သွားပြီးတော့မှ ဆွေးနွး မယ်လို့ အဲ့ဒီလိုဆုံးဖြတ်ကြတယ်၊ နောက်ပြီးတော့မှ ရှမ်းမျိုးနွယ်စုရော၊ ရှမ်းပြည်မှာရှိတဲ့ မျိုးနွယ်စု အားလုံး ကိုရောပေါ့၊ တကယ်လို့ပြဿနာဖြစ်လာရင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမယ်၊ ဆွေးနွေးပြီးတော့မှ ဖြေရှင်း သွားမယ်၊ လက်နက်နဲ့ သုံးပြီးတော့မှ ဖြေရှင်းကျတာတော့ အဲ့ဒါကိုဆန့်ကျင်တယ်ဆိုပြီးတော့ အဲ့ဒါကို ဆုံးဖြတ်ကြတယ်"
ရှမ်းပါတီ နှစ်ပါတီနဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းနိုင်ရေးကိစ္စတွေ ဆောင်ရွက်မည့် ဆပ်ကော်မတီကိုတော့ အဖွဲ့ဝင် ၅ ဦးကနေ ၉ ဦးအထိ ရွေးချယ်ထားပြီး အခုမေလကစလို့ ဒီဇင်ဘာလအထိ အကောင်အထည်ဖော်ဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် တန်းတူရေး၊ ညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားလူမျိုးများအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အဖွဲ့ဝင်တွေက ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးကို ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းလူမှှုအဖွဲ့အစည်းတွေ၊ ဥပဒေပြုအဖွဲ့အစည်းတွေ၊ ရှမ်းလူငယ်အဖွဲ့အစည်း၊ မျိုးဆက်သစ်(ရှမ်းပြည်)၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အဖွဲ့ကို ရှမ်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ ညီညွတ်ရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးတွေကို ကြိုးပမ်း သွားဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ဆိုပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာလက ထိုင်းမြန်မာနယ်စပ်တနေရာမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။