ရှမ်းပြည်နယ်မှာ SNLDပါတီ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့ ဖိအားပေးခံနေရ
2023.04.27
ရှမ်းပြည်နယ်က မြို့နယ်ရှစ်ခုမှာ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရပ်ကျေးကော်မရှင်အဖွဲ့တွေက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ ဖိအားပေးနေတယ်လို့ SNLD ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်မှာဆိုရင် လက်နက်တွေနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပါတီရုံး ပရဝုဏ်ထဲဝင်ပြီး ပါတီဆိုင်းဘုတ်ဖြုတ်ဖို့ ဖိအားပေးပြောဆိုတာတွေရှိခဲ့တယ်လို့ သူကပြောပါတယ်။
“ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းတုံဆိုလို့ရှိရင် မြို့နယ်ထွေအုပ် ကိုယ်တိုင်လာတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပါတယ်။ လက်နက်တွေနဲ့အပြည့်အစုံ ကျွန်တော်တို့ ရုံးပရဝုဏ်ထဲ ဝင်လာတယ်ဆိုတော့ အိမ်ဌားထားပေးတဲ့ အိမ်ရှင်ကိုယ်တိုင်ကလည်း ကြောက်လန့်တာပေါ့ဗျာ။ အဲ့လိုမျိုးမတော်မတရား မဖြစ်သင့်တဲ့ ကိစ္စတွေလည်း ပေါ်ပေါက်ပါတယ်ခင်ဗျ။”
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မှတ်ပုံတင်ပြီး ဝင်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ထဲမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ ပြန်မှတ်ပုံတင်တဲ့ပါတီက ၅၀ ကျော်ရှိပြီး မှတ်ပုံမတင်တဲ့ပါတီက ၄၀ ရှိပါတယ်။
မှတ်ပုံပြန်မတင်တဲ့ပါတီတွေကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
မှတ်ပုံပြန်မတင်လို့ ကော်မရှင်က ဖျက်သိမ်းလိုက်တဲ့ ပါတီတွေရဲ့ ရုံးခန်းတွေ၊ ဆိုင်းဘုတ်တွေကို ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို ပြည်ထောင်စုအဆင့်ကော်မရှင်က နိုင်ငံတော်ပြန်တမ်းနဲ့တကွ ကြေညာဖို့လိုအပ်တယ်လို့ ဦးစိုင်းလိတ် ကထောက်ပြပါတယ်။

SNLD ပါတီဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆက်၊ အစရှိတဲ့ မြို့နယ် ရှစ်မြို့နယ်မှာ ဖိအားပေးခံရတယ်လို့ သူကပြောပါတယ်။
SNLD ပါတီအပြင် မှတ်ပုံပြန်မတင်တဲ့ပါတီတွေထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးခန်းနဲ့ဆိုင်းဘုတ်တွေလည်း နေရာအနှံ့မှာ ဖျက်ဆီးခံ နေရတယ်လို့ NLD ကပြောပါတယ်။
NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးဌာနရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်း နှစ်နှစ်တာအတွင်း NLD ပါတီရုံးတွေ ကျူးကျော် ဝင်ရောက်ခံရတာ၊ ဖျက်ဆီးခံရတာနဲ့ ပါတီပိုင်ပစ္စည်းယူဆောင်ခံရတာ အကြိမ်ပေါင်း (၁၂၀) ရှိခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အကြမ်းဖက်အဖွဲ့အဖြစ် ဧပြီလ ၄ ရက်မှာ ကြေညာထားပါတယ်။