ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ ပါဝင်ဖို့ SNLD ပါတီက ငြင်းပယ်
2016.03.26

ရှမ်းပြည်နယ်အစိုးရအဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ် SNLD ပါတီက ပါဝင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကမ်းလှမ်းခဲ့ပေမယ့် SNLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ငြင်းပယ် လိုက်တယ်လို့ သိရပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့အတွက် ကြိုးပမ်းဖို့ရှိတဲ့အတွက် အစိုးရ အဖွဲ့ထဲမှာပါဝင်ဖို့ NLD ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာ ဖြစ်တယ်လို့ SNLD တွဲဖက်အတွင်းရေးမှုး ဦးစိုင်းလိတ်က ပြောပါတယ်။
"အဓိကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရမယ်၊ ပြည်တွင်းငြိမ်းချမ်းရေးကမှ တဆင့် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို သွားရမှာပေါ့နော်၊ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေမှ ကျနော်တို့ နိုင်ငံရေးသဘောတူညီချက်တွေရလို့ရှိရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို တဆင့် တက်လှမ်းရမှမို့လို့ အဲ့လိုလုပ်ဖို့ဆိုလို့ရှိရင် ကျနော်တို့မှာ အချိန်တွေအများကြီးလိုအပ်ပါတယ်၊ လူထုအင်အားတွေ အများကြီးလိုအပ်ပါတယ်၊ ဒါကြောင့်မို့လို့ အစိုးရအဖွဲ့မှာ ဝင်ရောက်ပြီးတော့မှ အချိန်ပေးလိုက်မယ် ဆိုလို့ရှိရင် တစ်ဘက်မှာ အားနည်းသွားမှာ စိုးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ငြင်းပယ်ရခြင်းဖြစ်တယ်"
ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှာ ပါဝင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ရက်ပိုင်းက ကမ်းလှမ်းခဲ့တယ်လို့ ပြော ပါတယ်။
အစိုးရအဖွဲ့ထဲမှာ မပါဝင်ပေမယ့် ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့ရဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ လွှတ်တော်ရေးရာကဏ္ဍတွေမှာ လက်တွဲပူး ပေါင်းဆောင်ရွက် သွားဖို့ကိုလည်း ပါတီကညွှန်ကြားထားပြီးသားဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက SNLD ပါတီဟာ ပြည်ခိုင်ဖြိုးပါတီပြီးရင် ရှမ်းပြည်နယ်မှာ ဒုတိယအများ ဆုံး အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
SNLD ပါတီ တွဲဖက်အတွင်းရေးမှုး ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်း ထားပါတယ်။