အရပ်သားအစိုးရ လက်အောက်မှာ တပ်မတော်ရှိရင် တစ်ခုတည်းသောတပ်ဆိုတာကို လက်ခံမယ်လို့ ပြော
2018.10.26

တပ်မတော်ဟာ အရပ်သားအစိုးရ လက်အောက်မှာရှိမယ်ဆိုရင် တပ်မတော်တစ်ခုတည်း ထားရှိရေးဆိုတာကို လက်ခံသွားမှာဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နာယက ဗိုလ်ချုပ် ဆေထင် က ပြောပါတယ်။
ဒီနေ့ ရှမ်းပြည်နယ်၊တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှစ် ၃၀ ပြည့် အခမ်းအနားမှာ ပြောလိုက်တာပါ။
လက်ရှိတပ်မတော်ဟာ အရပ်သားအစိုးရလက်အောက်မှာ မရှိတဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ စဉ်းစားရခက်နေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းစစ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံနဲ့ အစားထိုးပြင်ဆင်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ငြိမ်းချမ်းရေးရဖို့ ၂၁ ရာစု ပင်လုံညီလာခံ ၃ ကြိမ် လုပ်ခဲ့ပြီးနောက် ရရှိလာတဲ့ ၅၁ ချက်မှာ အရေးကြီးတဲ့အချက် တစ်ချက်မှ မပါသေးကြောင်းနဲ့ အခုလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံထိပ်သီး တွေ့ဆုံဆွေးနွေးပွဲမှာလည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ တစ်စုံတစ်ရာချမှတ် နိုင်ခဲ့တာမရှိဘူးလို့မြင်ကြောင်း ပြောပါတယ်။
ပြည်ထောင်စုက ခွဲထွက်ချင်တာမဟုတ်ပေမယ့် ခွဲထွက်ရေးဆိုတာ တိုင်းရင်းသားတွေအတွက် ကာကွယ်ရာ ရောက်ကြောင်းနဲ့ လက်ရှိအနေအထားအရ တမာတွေချိုမှ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာလားလို့ ထင်မြင်မိကြောင်း သူက ပြောပါတယ်။