သီပေါမှာ ကျားဖြူပါတီဝင် အများအပြားနှုတ်ထွက်
2015.07.11

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီရဲ့ ရှမ်းပြည်နယ် သီပေါမြို့နယ် ဥက္ကဌ ဦးစိုင်းသာလိန်ဝမ်းနဲ့ ပါတီဝင်အတော်များများဟာ ကျားဖြူပါတီကနေ ဒီလ ၇ ရက်နေ့က နှုတ်ထွက်လိုက်ကြပါတယ်။
ကျားဖြူပါတီကနေ နှုတ်ထွက်အနားယူလိုက်တာနဲ့ ပတ်သက်ပြီး ဦးစိုင်းသာလိန်ဝမ်းက အခုလို ပြောပါတယ်။
"ရွေးကောက်ပွဲပြဿနာ ဖြေရှင်းရေးကော်မတီကို တစ်ပါတီဆိုရင် တစ်ယောက်ကို ထည့်ပေးရတယ်လေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက အဲ့ဒါနဲ့ကို ၂၅ ရက်နေ့မနက်မှာ ကျနော်ကိုတာဝန်လာတယ်၊ အဲ့ဒီနေ့ကို ကျနော်ခရိုင်အရောက်ပို့ပေးရမယ်ဆိုပြီးမှ ကျနော်ကတော့ လက်လှမ်းမီသလောက် ကျနော်ပို့ပေးလိုက်တယ်၊ ဌာနချုပ်ကို သူတို့ကသတင်းမပို့လို့တဲ့ ဖုန်းတစ်ချက်မယူလို့တဲ့ ကျနော်က မြို့နယ်ဥက္ကဌတစ်ယောက်ခန့်အပ်ခံ ထားရတာ ကိုယ့်လုပ်ပိုင်ခွင့်ရှိတယ်လေ၊ ကျနော် ကိုယ့်သဘောနဲ့ပဲကိုယ်ပို့လိုက်တော့ ကျနော်မှားတယ်တဲ့၊ မှားရင်လည်း ကျနော်နားလည်မယ်လို့ သူတို့က အဲ့ဒါလေးတောင်မှမကြည့်ဘူး သူတို့က စကား ခပ်မာမာလေး ပြောလိုက်တော့ ကျနော်ကတော့ စိတ်ပျက်ပြီးတော့မှ အဲ့ဒါကစပြီးတော့မှ ကျနော်အနားယူမယ်"
သီပေါမြို့နယ်မှာ ကျားဖြူပါတီဝင် အင်အား ၄ သောင်းကျော်ရှိပြီး ရှမ်းပြည်နယ်အတွင်း ပါတီဝင်အင်အားအများဆုံး မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။
ဦးစိုင်းသာလိန်ဝမ်း နှုတ်ထွက်လိုက်တဲ့အတွက် မြို့နယ်အတွင်းက ပါတီဝင်အတော်များများကလည်း သူနဲ့အတူ လိုက်ပါနှုတ်ထွက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။ သူနှုတ်ထွက်မယ်ဆိုရင် ပါတီဝင်ကနေထွက်မယ့် အရေအတွက် တစ်သောင်းကျော်လောက်ရှိမယ်လို့ ဦးစိုင်းသာလိန်ဝမ်းက ပြောပါတယ်။
သူ့အနေနဲ့ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်လှုပ်ရှားမှာ မဟုတ်ကြောင်း၊ နောက်ထပ် ဘယ်လိုနိုင်ငံရေးပါတီမျိုးကိုမှလည်း ဝင်ရောက်မှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်။ ကျားဖြူပါတီဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၅၇ ယောက် ရွေးချယ်ခံထားရပြီး လွှတ်တော်ထဲမှာ တတိယအင်အားအများဆုံးပါတီ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ကျားဖြူပါတီကနေ နှုတ်ထွက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီထံ ကူးပြောင်းလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၆ ယောက်ရှိပြီး ပါတီဝင်အတော်များများလည်း ကူးပြောင်းထား ကြပါတယ်။
သီပေါမြို့နယ်ရဲ့ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းသာလီဝမ်းကို RFA သတင်းထောက်ကိုကျော်သူ ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။