ကန့်ဘလူမှာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ လေးဆယ်နီးပါးရှိလာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ဘေးဒုက္ခသည်သုံးဦး ဒီရက်ပိုင်းအတွက် မြွေကိုက်ခံရတာကြောင့် စုစုပေါင်းမြွေကိုက်ခံရသူ ၃၈ ဦးအထိ ရှိလာပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အသက် ၂၈ နှစ်ရွယ် အမျိုးသမီးတစ်ဦး၊ ၁၉ ရက်နေ့မှာ ၂၁ နှစ်ရွယ် အမျိုးသမီးတစ်ဦးနဲ့ ၂၀ ရက်နေ့မှာ ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ မြွေကိုက်ခံလိုက်ရတာလို့ ဆိုပါတယ်။
လက်ရှိမှာ မြွေဆိပ်ဖြေဆေးဝယ်ယူရတဲ့ ဈေးနှုန်းကြီးမြင့်နေသလို လက်ကျန်ဆေးဝါးလည်း ပြတ်တောက်နေလို့ စိုးရိမ်နေရတယ်လို့ မြွေကိုက်လူနာတွေကို ကုသပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီသုံးယောက်ထဲက အမျိုးသားကတော့ ကျောက်ကပ်ကိုထိတဲ့ အနေအထားဆိုတော့ BPI က ၁၁ လုံး၊ အိန္ဒိယဆေး ၁၂ လုံး စုစုပေါင်း အလုံး ၂၀ ကျော်ထိုးရတဲ့ အနေအထားကို ရောက်သွားတယ်။ ကျနော်တို့ဆီမှာ လက်ကျန်မြွေဆိပ်ဖြေဆေးက နည်းနည်းပဲ ကျန်တော့တယ်။ ဒီမှာလည်း စစ်ဘေးရှောင်ရင်း ပိုးထိတာကများတဲ့အခါ စိုးရိမ်နေရတယ် ”
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ဆေးကုသမယ့်နေရာကို အချိန်မီမရောက်လာတာ၊ မြွေဆိပ်ဖြေဆေး ရှားပါးတာအပြင် စစ်ကောင်စီတပ်ကပါ ဆေးဝါးသယ်ယူခွင့်တွေကို ပိတ်ပင်ထားတာကြောင့် အခက်အခဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မြွေကိုက်ခံရတဲ့စာရင်းဟာ ၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်းကနေ ဒီနေ့ထိ ပြုစုထားတဲ့စာရင်းဖြစ်ပြီး အဲဒီ ၃၈ ဦးထဲမှာ ကျား ၃၁ ဦးနဲ့ မခုနစ်ဦးပါ၀င်သလို အသက် ရှစ်နှစ်ရွယ် မိန်းကလေးငယ်တစ်ဦးနဲ့၊ အမျိုးသားနှစ်ဦး စုစုပေါင်းသုံးဦးကတော့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လယ်တော၊ ယာတောတွေထဲ ထွက်ပြေးတိမ်းရှောင်ရတာကြောင့် မြွေအန္တရာယ်နဲ့ ကြုံရတာဖြစ်သလို မြွေဟောက်ပါအဝင် အခြားအဆိပ်ရှိ မြွေအမျိုးစားတွေ အကိုက်ခံရပြီး ဒီအထဲမှာ မြွေပွေးအကိုက်ခံရမှုကတော့ အများဆုံးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မြွေဆိပ်ဖြေဆေးအပြင် အခြားဆေးဝါးတွေပါ ပြတ်လပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကန့်ဘလူမြို့နယ်က ကျောက်တိုင်၊ ကျီစု၊ ဖို့ကုန်း၊ သောက်ကန် စတဲ့ရွာတွေကိုလည်း နိုဝင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကိုပါ မီးရှို့နေလို့ ဒေသခံတွေ ထပ်မံထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။