မန္တလေး SMI ပီနံအိတ်စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြ


2013.12.24

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန်က SMI ပီနံအိတ် စက်ရုံအလုပ်သမား ၁၀၀ ကျော်ဟာ နေ့ကြေးတိုးမြှင့်ပေးဖို့ စက်ရုံရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အဲ့ဒီစက်ရုံမှာ ဌာန ၃ ခုရှိတဲ့အနက် ရက်ကန်းဌာနက အမျိုးသားအလုပ်သမားတွေကို နေ့ကြေး ၃၀၀၀၊ အမျိုးသမီး အလုပ်သမတွေကို နေ့ကြေး ၂၇၀၀ တိုးပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ SMI ပီနံအိတ်စက်ရုံက ဆန္ဒပြအလုပ်သမား ကိုစိုးမင်းသန်းက ပြောပါတယ်။

“နေ့စားပုဒ်ဖြတ် ဝန်ထမ်းတွေရှိတယ်ပေ့ါ၊ အဲဒါကို ကျနော်တို့က ယောကျ်ာလေးကို တစ်ရက်ကို သုံးထောင်၊ မိန်းကလေးကို နှစ်ထောင့်ခုနှစ်ရာ၊ ဌာန သုံးဌာနလောက်ရှိတာပေါ့၊ စက်ချုပ်ရယ်၊ အိတ်ဖြတ်ရယ်၊ ယက်ကန်းရယ်ပေါ့၊ စက်ချုပ်ရယ်၊ အိတ်ဖြတ်ရယ်က စာချုပ်ချုပ်ပြီးသွားပြီ အဲဒါက အဆင်ပြေတယ်ပေါ့၊ ယက်ကန်းကျတော့ အဆင်မပြေဘူး”

လက်ရှိအလုပ်သမားတွေရရှိတဲ့ နေ့စားခက ကျပ် ၂၃၀၀ ကနေ ၂၄၀၀ အထိ ရှိတယ်လို့သိရပြီး စက်ရုံဘက်ကအဆိုအရ အဲဒီစက်မှုဇုန်မှာ သူတို့ပေးထားတဲ့နှုန်းက အများဆုံးလို့ သိရပါတယ်။

အလုပ်သမားတွေဘက်က အချိန်ပိုလုပ်ခ နှစ်ဆရရှိဖို့၊ အစိုးရရုံးပတ်ရက်တွေကို ပိတ်ပေးဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုတွေရရှိဖို့ စတဲ့ အချက် ၁၉ ချက်ကို အလုပ်ရှင်ဆီတောင်းဆိုခဲ့ရာ အချက် ၁၈ ချက်ကို အလုပ်ရှင်ဘက်က လိုက်လျောခဲ့ပြီး နေ့ကြေးတိုးမြှင့်ပေးဖို့ကို သဘောမတူတာဖြစ်တယ်လို့ သိရပါတယ်။

ဒီညနေမှာတော့ အလုပ်သမားတွေဘက်က တိုးတောင်းတဲ့ နေ့စားခနဲ့ပတ်သက်ပြီး အလုပ်ရှင်ဘက်က ဆန္ဒပြအလုပ်သမားတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ သဘောတူလိုက်တဲ့အတွက် အလုပ်သမားတွေဟာ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။