SME လုပ်ငန်းရှင်များကို ကျပ်ဘီလီယံ ၃၀ ထုတ်ချေးမည်
2016.08.15

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ အစိုးရတို့ ပူးပေါင်းပြီး ပုဂ္ဂလိကဘဏ် ၆ ခုက တဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေကို ၅ နှစ်သက်တမ်းနဲ့ ငွေကျပ်ဘီလီယံ ၃၀ ထုတ်ချေးပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
ငွေချေးယူရာမှာ အပေါင်ပစ္စည်းအနေနဲ့ မြေနဲ့အဆောက်အဦးအပြင် တခြားအပေါင်ပစ္စည်းတွေနဲ့ပါ ချေးယူလို့ ရမှာဖြစ်တယ်လို့ အဲဒီအစီအစဉ်ကို ဆောင်ရွက်နေတဲ့ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း က ပြောပါတယ်။
"ကိုယ့်ရဲ့မြေနဲ့ အဆောက်အဦးကိုပြပြီးတော့ ဘဏ်တွေမှာချေးလို့ရတယ်၊ တခြားအပေါင်ပစ္စည်းတွေနဲ့ လည်း ချေးလို့ရတယ်၊ ရွေးထားတဲ့ဘဏ် ၆ ခုကနေချေးပါမယ်"
မြေနဲ့အဆောက်အဦး အပေါင်ထားသူတွေက အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တခြားအပေါင်ပစ္စည်းထားရှိ သူတွေက အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းအပြင် အာမခံကြေးအဖြစ် ၂ ဒသမ ၅ ရာခိုင်နှုန်း ထပ်တိုးပေးရ မှာ ဖြစ်ပါတယ်။
လုပ်ငန်းအလိုက် ကျပ်သိန်း ၁၅၀ ကနေ ကျပ်သိန်း ၅ထောင်အထိ ချေးယူနိုင်မှာဖြစ်ပါတယ်။
မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ အသေး စားနဲ့ အလတ်စားစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဘဏ်တို့မှာ ချေးယူနိုင်မှာဖြစ်ပြီး ချေးငွေအတွက် လျှောက် လွှာဖောင်တွေ တောင်းယူနိုင်ပြီဖြစ်ပါတယ်။