အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ် SME လုပ်ငန်းရှင်တွေ အခက်အခဲရှိ
2018.02.19

အစိုးရအဆိုပြုထားတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထား ၄၈၀၀ ကျပ်ဟာ အသေးစား အလတ်စား လုပ်ငန်းရှင်တွေ အတွက် အခက်အခဲတွေရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက ဒီနေ့ ပြောပါတယ်။
အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ် သတ်မှတ်ပြီးနောက်ပိုင်းမှာ အချို့SME လုပ်ငန်းတွေ ရပ်ဆိုင်းတာမျိုးတွေ ရှိတယ်လို့ ဦးမောင်မောင်လေး က ပြောပါတယ်။
"နိုင်ငံတော်အနေနဲ့လည်း ဒါလေးတွေကို လိုက်လျောညီထွေ ဆောင်ရွက်ပေးနိုင်တဲ့ စွမ်းအားရယ် အခြေခံမရှိတဲ့ အပိုင်းတွေအများကြီး ရှိပါတယ်။ အခြေခံမရှိတဲ့အပိုင်းဆိုတာ ဒီ SME တွေအတွက် ငွေကြေးပံ့ပိုးမှုတွေလိုပါတယ်၊ ငွေကြေးပံ့ပိုးမှုတွေကလည်း ဒီ Collateral ပေါ့နော် ဒီအပေါင်ပစ္စည်း မပါဘဲနဲ့ ငွေကြေးပံ့ပိုးနိုင်အောင်လို့ နိုင်ငံတော်က လုပ်ဆောင်ပေးရမှာတွေရှိတယ်၊ တစ်ချို့ဟာတွေကျတော့လည်း ဈေးကွက်အထိ လိုက်ရှာပေးရ မယ့် ဟာတွေရှိပါတယ်၊ စွမ်းဆောင်ရည်က မတတ်နိုင်တဲ့ အပိုင်းတွေရှိသလို ရှေးရှေးယခင်တုန်းက ဆန်ရှင်တွေ အမျိုးမျိုးနဲ့ ဒါတွေကို ရင်ဆိုင်ထားရတဲ့အတွက် ဒီအသေးစားအလတ်စားတွေဟာ ရှင်သန်နိုင်စွမ်းမရှိပါဘူး၊ မယှဉ်နိုင်တော့ ဒီဥစ္စာတွေက ယက်ကန်ယက်ကန်နဲ့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သွားနေတာပါ"
SME လုပ်ငန်းရှင်တွေ လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုတွေ၊ နည်းပညာပိုင်း၊ ဈေးကွက်ပိုင်းတွေကို နိုင်ငံတော် အစိုးရဘက်က ကူညီဆောင်ရွက်ပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြထားပေမယ့် အစိုးရဘက်မှာ လုပ်ဆောင်ပေးဖို့ အစွမ်းအစ အားနည်းနေတာကို တွေ့ရကြောင်း ပြောပါတယ်။
လက်ရှိအစိုးရ အနေနဲ့ အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်လိုက်တာဟာ စောလွန်းနေတယ်လို့ ဒေါက်တာမောင်မောင်လေးက သူ့အမြင်ကို ပြောပါတယ်။
ပြည်ထောင်စု အစိုးရအနေနဲ့ အသေးစား အလတ်စား လုပ်ငန်းရှင်တွေအတွက် မြန်မာငွေကျပ် ၇၀ ဘီလီယံ ကူညီထောက်ပံ့ပေးဖို့ စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီဟာ ဇန်နဝါရီလ ၂ ရက်နေ့က အနည်းဆုံးအခကြေးငွေ နှုန်းထား ကျပ် ၄၈၀၀ ကို အဆိုပြုထုတ်ပြန်ခဲ့ပါတယ်။