ဂန့်ဂေါမြို့နယ် စိုင်ဒူးရွာ လက်နက်ကြီးကျလို့ ရွာသား ခြောက်ဦး ဒဏ်ရာရ

2022.09.22
ဂန့်ဂေါမြို့နယ် စိုင်ဒူးရွာ လက်နက်ကြီးကျလို့ ရွာသား ခြောက်ဦး ဒဏ်ရာရ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့ကို တွေ့ရစဉ်။
ဓာတ်ပုံ - နွေဦးရောင်နီ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စက်တင်ဘာလ ၂၀ ရက်နေ့ ည ၆ နာရီခွဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ရွာသား ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက RFA ကို ဒီနေ့ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ ကိုဝင်းကိုကိုနဲ့ ဇနီး၊ ကိုတွင်းလယ်၊ ဒေါ်ခင်သန်းဆင့်၊ ဦးရာမော်နဲ့ ဇနီး တို့ဖြစ်ပြီး ခြေ၊ လက်နဲ့ မျက်လုံးတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စိုင်ဒူးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

"စိုင်ဒူးရွာရဲ့ အရှေ့ဘက်ထဲကို ခြောက်လုံးလောက် ကျတယ်။ ရွာထဲကို သုံးလုံးလောက် ကျတယ်ဗျ။ ထိထားတာကတော့ အားလုံးပေါင်း ခြောက်ယောက် ထိထားတယ်ဗျ။ ရွာထဲက ပြည်သူ ခြောက်ယောက်ထိတယ်။ အိမ်ထဲတွေကျပြီး ထိသွားတာ။ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာအနေအထား ရှိတယ်ဗျ"

အဲဒီ လက်နက်ကြီးတွေကို ဂန့်ဂေါအခြေစိုက် ခလရ - ၅၀ တပ်ကနေ ပစ်ခတ်ခဲ့တာလို့ သူကပြောပါတယ်။

စိုင်ဒူးရွာရဲ့ ဘေးပတ်ဝန်းကျင် ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ရင် စစ်ကောင်စီတပ်က အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပြီး စက်တင်ဘာလ ၂၀ ရက်နေ့ကတော့ ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိမှာ မျက်လုံး ထိခိုက်ဒဏ်ရာရသူတစ်ဦးကို မြို့ပေါ်မှာ တက်ရောက်ကုသပေးနေပြီး ကျန်ဒဏ်ရာရသူတွေကိုတော့ ရွာမှာ အဆင်ပြေသလို ဆေးဝါးကုသပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

စိုင်ဒူးရွာမှာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာသားတွေ ထိတ်လန့်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။