စစ်တွေမြို့ ဗျိုင်းဖြူရွာစီးနင်းခံရမှု အသတ်ခံရသူ လေးဆယ်ခန့်ရှိလာကြောင်း ဒေသခံတွေပြော

RFA Burmese
2024.06.01
စစ်တွေမြို့ ဗျိုင်းဖြူရွာစီးနင်းခံရမှု အသတ်ခံရသူ လေးဆယ်ခန့်ရှိလာကြောင်း ဒေသခံတွေပြော ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဝေဟင်ကနေတစ်ဆင့် တွေ့ရစဥ်။
Photo: RFA

မေလ ၂၉ ရက်နေ့ကတည်းက ဝင်ရောက်စီးနင်းခံထားရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှာ သတ်ဖြတ်ခံရတဲ့အမျိုးသား လေးဆယ်နီးပါးအထိရှိလာပြီလို့ အဲဒီရွာကနေ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ နီးစပ်တဲ့ဒေသခံတွေက ဇွန်လ ၁ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသားတစ်ရာနီးပါးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့နေ့ကစပြီး နေ့စဉ်သတ်ဖြတ်နေတာကြောင့် ဒီနေ့အထိ သေဆုံးသူ လေးဆယ်နီးပါးရှိပြီလို့ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့စဝင်တဲ့ မေလ ၂၉ ရက်နေ့မှာပဲ အသတ်ခံရတာ ငါးယောက်လောက်ရှိတယ်။ မေလ ၃၀ နေ့မှာလည်း တစ်ခါသတ်တယ်။ မေလ ၃၁ ရက်နေ့မှာလည်း တစ်ခါပစ်သတ်တယ်။ အခုဆို ၄၁ ဦးရှိပြီ အသတ်ခံရတာ။ AA၊ ရခိုင်၊ သာလီစွ အဲလို tattoo (ဆေးမင်ကြောင်) ထိုးထားသူတွေကို အင်္ကျီချွတ်ပြီးကို ပစ်သတ်တာ"

အသတ်ခံရသူတွေဟာ အသက် ၁၅ နှစ်ကနေ ၆၀ အကြား အမျိုးသားတွေဖြစ်ပြီး ရွာထဲမှာ နောက်ထပ် အသတ်ခံရသူတွေနိုင်ပေမဲ့ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ရှိနေတာကြောင့် အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ရွာထဲကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန် အမျိုးသမီးတွေနဲ့ ကလေးတွေကိုတော့ ရွာကနေထွက်ခိုင်းခဲ့ပြီး အမျိုးသားတွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ အသတ်ခံရသူအရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဇွန်လ ၁ ရက်နေ့ ဒီနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့အထိ ခြောက်လအတွင်း စစ်ကောင်စီတပ်က အရပ်သား ၄၂၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကာလအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၂၆၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆၄၀ အထိ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။