စစ်တွေမြို့ပတ်ဝန်းကျင်အခြေအနေ တင်းမာနေဆဲ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ အစိုးရက လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားပေမယ့် မြို့ခံ လူထုအနေအထားကတော့ စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရပါတယ်။

2012.06.11
sittwe-riot-police-b305 ပဋိပက္ခများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။
RFA

ဒီကနေ့ ရင်ဆိုင်တိုက်ခိုက်မူ တချို့ဖြစ်တာကြောင့် လူအနည်းဆုံး ၁၀ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့မှာ ရောက်နေတဲ့ အာအက်ဖ်အေ သတင်းထောက် ကိုကျော်ကျော်အောင်က စစ်တွေမြို့ရဲ့ လုံခြုံရေးအခြေအနေကို ခုလိုပြောပြပါတယ်။

"လုံခြုံရေးကတော့ ဒီအစိုးရဘက်ကဆိုရင် ဦးဥတ္တမပန်းခြံတဝိုက်မှာ စစ်တပ်က လုံခြုံရေး နေရာယူထားပါတယ်။ ပြီးတော့ နေရာတော်တော် များများမှာလည်း ရဲတွေကပေါ့နော်။ ဒိုင်း၊ လွှားအပြည့်အစုံ သူတို့ရဲ့လုံခြုံရေးကရိယာ အပြည့်အစုံနဲ့ ကင်းလှည့်နေကြပါတယ်။ ရဲအရာရှိတစ်ဦးက အာအက်ဖ်အေကို ပြောဆိုချက် အရဆိုရင် ရန်ကုန်အမှတ် (၆) ရဲတပ်ရင်းတစ်ခုလုံးက စစ်တွေကိုရောက်နေပါတယ်"

စစ်တွေမြို့လယ်မှာ လုံခြုံရေး ရှိနေပေမဲ့ အနီးနားက ကျေးရွာတွေမှာတော့ ကိုယ့်ရွာကို ကိုယ်တာဝန်ယူထားကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တွေမြို့အနီး သံတော်သီရွာမှာ ဒီကနေ့ မွန်းလွဲပိုင်းက ထိတ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး အသေအပျောက်ရှိခဲ့ပါတယ်။

ရခိုင်အမျိုးသား လေးဦးသေဆုံးသလို ဘင်္ဂါလီများဘက်က သုံးဦးသေတယ်လို့ ဒေသခံတွေက RFA ကိုပြောပြပါတယ်။ ဒါ့အပြင် ဒီကနေ့ ညနေပိုင်းမှာ နာဇီရွာမှာ မီးလောင်မှုဖြစ်ပွားသလို ဓညဝတီ ရပ်ကွက်မှာလည်း အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

လုံခြုံရေးအခြေအနေအရ နယ်တွေမှာရှိတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း မြို့တွေပေါ်ကို ပြန်ခေါ်နေတယ်လို့ သိရပါတယ်။ ဘူးသီးတောင်၊ မောင်းတောတဝိုက်က ကျေးရွာတွေကနေ ထွက်ပြေးကြရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ဒုက္ခသည်စခန်း ၄ ခုမှာ နေရာချထားပြီး လူဦးရေ ခြောက်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေနဲ့ အနီးနားက အခြေအနေတွေကို စစ်တွေမြို့ကို ရောက်နေတဲ့ ကိုကျော်ကျော်အောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။