ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ကို စစ်တွေမှာ ထောင်နဲ့ချီဆန္ဒပြ


2015.01.08
yanghee-lee-305 .jpg ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ဇန်နဝါရီလ ၈ ရက်နေ့က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ရောက်ရှိလာစဉ်
Photo: Min Thein Aung/RFA

ဒီနေ့ ညနေပိုင်းက စစ်တွေလေဆိပ်ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို စစ်တွေမြို့ခံ တစ်ထောင်ကျော်က လေဆိပ်မှာ ဆန္ဒပြ ကန့်ကွက်ကြပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ရဲ့ တောင်းဆိုချက်တွေကို မကျေနပ်တဲ့အတွက် အခုလို ဆန္ဒပြကန့်ကွက်တာဖြစ်တယ်လို့ စစ်တွေမြို့ခံ ဦးမောင်ဘသိန်း က ပြောပါတယ်။

"UN ရဲ့ ဆုံးဖြတ်ချက်က ၁၊ မြန်မာအစိုးရက ရိုဟင်ဂျာနာမည်ကို အသိအမှတ်ပြုပေးရမယ် ဆိုတာမျိုးဆုံးဖြတ်တယ်၊ နောက်တစ်ချက်က ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် မြန်မာအစိုးရက အသိအမှတ်ပြုပေးရမယ် ဆိုတာမျိုးဆုံးဖြတ်တယ်၊ ပြီးတော့ သူတို့ လူ့အခွင့်အရေးဆိုတာတွေ ရိုဟင်ဂျာတွေကိုပေးရမယ် ဒါတွေက သာမန်ကိစ္စတွေပဲ၊ အဓိကက ပထမ ရိုဟင်ဂျာနာမည်ကို မြန်မာအစိုးရက လက်ခံမယ်၊ အသိအမှတ်ပြုရမယ်ဆိုတာကို ကျနော်တို့ တစ်နိုင်ငံလုံး တိုင်းရင်းသားလူမျိုးအားလုံးက ဒီကိစ္စကို လုံးဝလက်မခံဘူး"

ဆန္ဒပြသူတွေဟာ ဒီနေ့ မနက်ကတည်းက စစ်တွေလေဆိပ်မှာ စောင့်ဆိုင်းနေကြတာဖြစ်ပြီး စစ်တွေမြို့ ဒေသခံတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ သံဃာတော်တွေ ပါဝင်ဆန္ဒပြကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီလ ၆ ရက်နေ့က ရန်ကုန်မြို့ ကို ရောက်ရှိခဲ့တာဖြစ်ပြီး အင်းစိန်အကျဉ်းထောင်ကို သွားရောက်ကြည့်ရှုခဲ့သလို လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဒီနေ့ညနေမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လေယဉ်နဲ့ သွားရောက်တာဖြစ်ပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ စစ်တွေမြို့ခံ ဦးမောင်ဘသိန်းကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့  တွေ့ဆုံခဲ့တဲ့ အရပ်ဘက်လူမှုအဖဲ့ွအစည်း ကိုယ်စားလှယ်တွေက ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီ့ရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။