စစ်တွေမြို့လယ် ဗလီကြီးဝင်းအတွင်း မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ် စစ်တွေမြို့ ယဉ်ကျေးမှုပြတိုက်နဲ့ ကပ်လျှက်ရှိတဲ့ ဗလီကြီးဝင်း အတွင်း နေအိမ်တစ်လုံး တနင်္ဂနွေနေ့ နေ့လည် ၃ နာရီလောက်က မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

2012.10.08

အခုလို မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နောက်ပိုင်း သက်ဆိုင်ရာက ဗလီဝင်းအတွင်း လုံခြုံရေးအင်အား ၂၀၀ ခန့် ချထားလိုက်တယ်လို့ သိရပါတယ်။ အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ စစ်တွေမြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ကိုခိုင်ကောင်းစံက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ ဒီကိုရောက်တဲ့ အချိန်မှာပေါ့ဗျာ။ လမ်းမှာတော့ လူတွေကတော့ အုံးအုံး ဖြစ်နေတာပေါ့။ အဲဒါဘာဖြစ်လဲ ဆိုတဲ့အခါကျတော့ ဒီဗလီကြီးဝင်းထဲမှာပဲ မီးခိုးထွက်တယ။်  အဲလိုပဲသတင်းထွက်တယ်။ လုံထိန်းတပ်ရင်း ၁၇ က တပ်ရင်းမှူးက ရှော့ဖြစ်တာပါလို့ ပြောတယ်ခင်ဗျ။ အဲဒီတော့ သူတို့က သွားကြည့်ချင်တာပေါ့။ အဲလိုနဲ့ပဲ ဝင်ခွင့်မပြုဘဲနဲ့ ဒီမှာ လုံထိန်းတပ်ရင်းတွေ အများကြီး ချထားတဲ့အခါကျတော့ အဲလိုပဲ လူတွေကတော့ ကြည့်နေကြတာပေါ့။ အဲလိုနဲ့ပဲ ဗလီဝင်းထဲမှာပါပဲ။ ဘင်္ဂါလီအိမ် ၄၊ ၅ အိမ်လောက်ရှိတယ်။ ကျွန်တော်တို့ရှေ့မှာတင် ဒီမီးသတ်ကား ၂ စီးနဲ့ မီးငြိမ်းအောင် သတ်လိုက်တာပေါ့နော်။"

အဲဒီမီးလောင်မှုကို ရှို့မီးဖြစ်တယ်လို့ ယူဆရကြောင်း အခင်းဖြစ်နေရာ အနီးမှာ တာဝန်ကျနေတဲ့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

"ကျွန်တော်ထင်တာကတော့ အဲဒီဟာလေ ရှို့မီးတော့ဖြစ်ဖို့ များတာပေါ့နော်။ ကျွန်တော်က အဲဒီနေရာ သွားကြည့်လို့ မရတော့ မီးလောင်တာတော့ မီးခိုးထွက်တာကတော့ မြင်ရတာပေါ့နော်။ အဲဒီမီးတွေကို အထဲကို မီးသတ်ကားနဲ့ အထဲကို ရေနည်းနည်းနဲ့ ဖြန်းပြီးတော့ အဲဒီမီးက ငြိမ်းပြီးမှ နောက်နည်းနည်းလောက်ကြာတော့ အဲဒီမှာ မီးလောင်တယ်။"

အဲဒီအခင်းဖြစ် နေရာကို စုဝေးရောက်ရှိလာကြတဲ့ မြို့ခံ လူထု ၃၀၀ လောက်ဟာ ၁ နာရီခန့် အကြာမှာ လူစုကွဲသွားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။