စစ်တွေမှာ စက်သုံးဆီဈေး အဆမတန်မြင့်တက်

RFA Burmese
2023.12.01
စစ်တွေမှာ စက်သုံးဆီဈေး အဆမတန်မြင့်တက် စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က စက်သုံးဆီဝယ်ယူရန် တန်းစီနေကြသူများအား တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုဝင်ဘာလ ၃၀ ရက် မနေ့ကစလို့ စက်သုံးဆီတွေ လျော့နည်း ပြတ်လပ်လာပြီး ပြင်ပလက်လီရောင်းချတဲ့ စျေးကွက်မှာ စက်သုံးဆီ (အောက်တိန်း - 92 ) တစ်လီတာကို ကျပ်တစ်သောင်း ကျော်ထိ စျေးပေါက်နေတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့မှာ စက်သုံးဆီ (အောက်တိန်း - 92) တစ်လီတာကို သုံးထောင်ကျပ်ခန့် ပေါက်စျေးရှိရာကနေ ရုတ်တရက် စျေးမြင့်တက်သွားတာလို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့ကစပြီး ဈေးတက်တာပါ။ ဟိုတစ်နေ့ကဆိုရင် တစ်လီတာကို သုံးထောင်လောက်ပဲရှိတယ်။ မနေ့ညနေ လောက်ကစလို့ တစ်လီတာကို ရှစ်ထောင်၊ တစ်သောင်း၊ တစ်သောင်းနှစ်ထောင် အဲဒီလိုဖြစ်သွားတာ။ ဆီဆိုင်ကြီးတွေလည်း မဖွင့်တော့ဘူးလေ။ လမ်းဘေးဆိုင်တွေပဲ ဖွင့်တော့တာ။ ဝယ်ချင်တိုင်းဝယ်လို့မရဘူး”

နိုဝင်ဘာလ ၃၀ ရက် မနေ့ကတော့ စက်သုံးဆီဆိုင်တချို့မှာ စက်သုံးဆီ တစ်လီတာကို ကျပ်ငါးထောင်ခန့်နဲ့ ရောင်းချပေးခဲ့တာကြောင့် မြို့ခံတွေ တန်းစီဝယ်ယူခဲ့ကြပြီး ဓာတ်ဆီတစ်လီတာရဖို့ သုံးနာရီခန့် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းခဲ့ရတယ်လို့ သူက ဆိုပါတယ်။

စက်သုံးဆီစျေးတွေ အဆမတန်မြင့်တက်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေး မြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ စစ်တွေမြို့ရဲ့ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းဟာ တစ်လီတာကို ၂၆၆၀ ကျပ်လို့ သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ကစလို့ ရခိုင်ပြည်နယ်နဲ့ တခြားပြည်နယ်နဲ့ တိုင်းတွေကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းအပါအဝင် ဒေသတွင်းက သွားလာရေးလမ်းတွေကိုပါ ပိတ်ဆို့ခံထားရတာပါ။

လက်ရှိမှာတော့ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာ ရက်နှစ်ဆယ်နီးပါး ကြာလာပြီ ဖြစ်တဲ့အတွက် လက်ကျန်ကုန်ပစ္စည်းတွေ ပြတ်လပ်လာပြီး အခက်ခဲဖြစ်လာတာလို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။