စစ်တွေမြို့မှာ လှေသမားတွေနဲ့ စျေးရောင်းနေသူ သုံးဆယ်ကျော် ဖမ်းဆီးခံရ
2023.12.13

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီဇင်ဘာ ၁၂ ရက်မနေ့က သမ္ဗန်လှေသမားတွေ အပါအဝင် ကိုးရီးယား ဆိပ်ကမ်းလို့ခေါ်တဲ့ လှေဆိပ်မှာ စျေးရောင်းနေသူ ဒေသခံသုံးဆယ်ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလှေဆိပ်မှာ ကွမ်းယာနဲ့ အခြားပစ္စည်း ရောင်းနေသူတွေကို ဖမ်းဆီးခံရပြီး သမ္ဗန်လှေမောင်းသူတွေကတော့ အဲဒီလှေဆိပ်အပြင် မြစ်ထဲမှာ ဖမ်းဆီးခံရခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အဲဒီနေရာကို သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးခဲ့ ပြီးနောက် အချုပ်ကားတွေနဲ့ ခေါ်သွားတာလို့ သမ္ဗန်လှေမောင်းသူတစ်ဦးရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။
“သူက မနက်ကတည်းက သမ္ဗန်ဆိပ်ကိုသွားတာ။ ဟိုရက်ပိုင်းကတော့ လှေမထွက်ဘူး။ အခု စားဝတ်နေရေး ခက်ခဲလာတော့ သွားတာပေါ့။ ကုန်ပစ္စည်းတွေကို ပေါက်တော နယ်ဘက်ကို ပို့တယ်။ အဲဒီက ဆန်တွေ ယူလာတယ်။ အဲဒီလို ပို့တာပါ။ မနေ့ နေ့လယ်ပိုင်းမှာ အဖမ်းခံရတာလို့ သိရတယ်။ သေနတ်တွေဖောက်ပြီး ဖမ်းတာတဲ့။ လူသုံးဆယ်ကျော်လောက် အဖမ်းခံရတယ်ပြောတယ်”
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားရုံးတင်မယ်လို့ သတင်းကြားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
ဘာကြောင့် ဖမ်းဆီးသွားလဲဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ တိတိကျကျမသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစဖြစ်ချိန်ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၃၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။