အစိုးရသစ်ရဲ့ အခေါ်အဝေါ်သစ် နှစ်မျိုးစလုံးကို စစ်တွေဒေသခံတွေ ကန့်ကွက်
2016.06.26

အစိုးရက "ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာကိုးကွယ်သူများ" လို့ သုံးနှုန်းဖို့ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တွေမြို့က ရဟန်းသံဃာတော်တွေ၊ ဒေသခံလူထုတွေက ကန့်ကွက်လိုက်ကြပါတယ်။
စစ်တွေမြို့ အတုလမာရဇိန်ဘုရားကြီးသိမ်မှာ ရဟန်းသံဃာတွေနဲ့ ဒေသခံတွေ ၈ဝဝ လောက် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာရှိနေတဲ့ မွတ်စလင်တွေကို "ဘင်္ဂါလီ"လို့သာခေါ်ဝေါ်သုံးနှုန်းဖို့နဲ့ ရခိုင်တိုင်းရင်းသားတွေ အပေါ်မှာလည်း အစိုးရက"ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ"ဆိုပြီးသုံးနှုန်းဖို့ ဆုံးဖြတ်ထားတာကို ကန့်ကွက်ကြောင်းနဲ့ "ရခိုင်လူမျိုး"လို့သာ သုံးနှုန်းဖော်ပြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒီနေ့ အစည်းအဝေးက ဆုံးဖြတ်ချက်တွေကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရထံ တစ်ပတ်အတွင်း စာပေးပို့သွားမှာဖြစ်သလို ဆန္ဒဖော်ထုတ်ပွဲတွေနဲ့ အိမ်တိုင်းစေ့ ကန့်ကွက်တဲ့ စာလုံးတွေကပ်တဲ့ လှုပ်ရှားမှုတွေကို ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ် လို့လည်း သိရပါတယ်။