တိုင်းပြည်အကျိုးအတွက် လက်တွဲဆောင်ရွက်ကြဖို့ သီတဂူဆရာတော်မိန့်ကြား


2013.03.16
sitagu-sayadaw-nyanissara-305-z သီတဂူဆရာတော် အရှင်ဉာဏိဿရ
photo: www.dhammaweb.net

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲပြီး ဒီမိုကရေစီစနစ်ကို စတင်အကောင်အထည်ဖော်နေချိန်မှာ ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေ မဖန်တီးပဲ တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေးအတွက် လက်တွဲဆောင်ရွက်ကြဖို့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ RFA ရဲ့ လျှောက်ထားမေးမြန်းချက်ကို သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက အခုလို မိန့်ကြားလိုက်တာပါ။

“နိုင်ငံတော်က ဆူးခင်းတဲ့ခရီးကြမ်းကြီးကို လျှောက်လှမ်းနေတာကြာပြီ၊ နှစ်ပေါင်း ၆၀ရှိပြီ၊ အောင်ဆန်းသမီး ဘွားဆိုပေါ်လာတဲ့ အခုအချိန်ကြတော့ ဆူးခင်းသောလမ်းကနေ ပန်းခင်းသောလမ်းကိုစတော့မည်၊ ရွှေမြန်မာဆိုတဲ့လူတွေက ရွှေတံခါးကို ရွှေသော့နဲ့ ဖွင့်တော့မလိုလို သမ္မတဦးသိန်းစိန်နဲ့ မစုတို့နှစ်ယောက် လက်တွဲကြတဲ့အချိန်မှာ ဒီအနည်းငယ်မျှလောက် အကျိုုးစီးပွားကို ကြည့်ပြီးတော့ ဒီပဋိပက္ခတွေ သည်းမခံနိုင်လောက်အောင် ဖြစ်ကြတဲ့ကိစ္စကို ငါကတော့တောင်းပန်ချင်တယ် အားလုံးကို ပန်းခင်းသောလမ်းကို ခပ်မြန်မြန်လျှောက်နိုင်အောင် ရွှေတံခါးကို မြန်မြန်ကြီးဖွင့်နိုင်အောင် စွန့်လွှတ်ကြပါ၊ ခွင့်လွှတ်ကြပါ၊ သည်းခံကြပါ”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ လက်ထက်ကတည်းက ရှေ့နောက်မစဉ်းစားပဲ ဖြစ်ကတတ်ဆန်း အကောင်အထည်ဖော်ခဲ့တဲ့အတွက် အခုလိုပြဿနာတွေ ပေါ်ပေါက်နေရတာဖြစ်ကြောင်း၊ ဒါပေမယ့် ဆန္ဒပြတိုင်းသာ စီမံကိန်းတွေတခုပြီးတခု ရပ်ဆိုင်းရမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေမှာဖြစ်ကြောင်း သီတဂူဆရာတော်ကြီးက မိန့်ကြားပါတယ်။

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရဟာ လက်ပံတောင်းဆန္ဒပြပွဲမှာ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ သံဃာတော်အများအပြားကို ဆေးဝါးကုသပေးခဲ့ပြီး၊ ဆရာတော်ရဲ့ သီတဂူအာယုဒါနဆေးရုံမှာ မီးလောင်ဒဏ်ရာရ သံဃာတော် ၆ ပါး ဆေးဝါးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာနဲ့ပတ်သက်လို့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်လျှောက်ထားတင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။