စဉ့်ကူးမြို့နယ်က စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းယူ

RFA Burmese
2024.04.30
စဉ့်ကူးမြို့နယ်က စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းယူ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ရွ စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ၊ လက်နက်ချသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ထားစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၈ ရက်နေ့ မနက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်ငယ် ၁၉ လက်၊ ၆၀ မမ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အခြားစခန်းငယ်တစ်ခုကိုလည်း သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဝါးပိုးချပ်ရွာက စခန်းသိမ်းတိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီးတစ်ဦး အပါအဝင် စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးပြီး ၁၅ ဦး လက်နက်ချခဲ့တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မန္တလေး PDF လို့ပြောကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဘက်ကတော့ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့လည်း ပြောထားပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တွေအကြား နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ အနီးတစ်ဝိုက်မှာလည်း နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ နေ့စဉ်အဆက်မပြတ် တိုက်ခိုက်နေတယ်လို့လည်း ပြောထားပါတယ်။

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် သရက်ကုန်းရွာက စစ်ကောင်စီစခန်းကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဧပြီလ ၁၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။