တေးသံရှင် ဗျူဟာ ဖမ်းဆီးခံရပြီးနောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ
2023.05.26

ရန်ကုန်မြို့မှာနေထိုင်တဲ့ ဟစ်ဟော့ အဆိုတော် ဗျူဟာကို မြောက်ဒဂုံမြို့နယ်အတွင်းက သူရဲ့နေအိမ်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးပြီး သုံးရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ် မရဘူးလို့ မိသားစုဝင်တွေက RFA ကို ဒီနေ့ပြောပါတယ်။
အဆိုတော်ဗျူဟာဟာ မေလ ၂၃ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ပုံမှန်မရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ဝေဖန်ခဲ့ပြီးနောက် မေလ ၂၄ ရက်နေ့ညပိုင်းမှာ အင်အား အလုံးအရင်းနဲ့ ဖမ်းဆီးခံလိုက်ရတာပါ။
ဖမ်းဆီးခံရပြီး သုံးရက်အကြာမှာ စစ်ကြောရေးမှာ အဆိုတော်ဗျူဟာ သေဆုံးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာတာကြောင့် မိသားစုတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဖခင်ဖြစ်သူ တေးရေးဆရာ နိုင်မြန်မာက RFA ကို ပြောပါတယ်။
"သားကို ဖမ်းသွားပြီးတော့ ချွေးမဖြစ်သူက လှမ်းပြီး ဖုန်းဆက်တယ်။ အဲဒီအခါကျမှ အဖမ်းခံရမှန်း သိရတာပါ။ ဖမ်းဆီးခံရပြီးတော့ တက်လာတဲ့ ပုံတွေမှာ ရိုက်နှက်ခံ ရတာလည်း တွေ့ပါတယ်။ အခု မနက်မှာလည်း စစ်ကြောရေးမှာ သေဆုံးပြီဆိုတဲ့ သတင်းတွေတွေ့ရတော့ ပိုရင်ပူပါတယ်။ အခုထက်ထိတော့ ကျွန်တော်တို့ကို ဘယ်သူကမှ သေဆုံးတယ်လို့ လာမဆက်သွယ်သေးပါဘူး"
မိသားစုဝင်တွေအနေနဲ့ အဆိုတော်ဗျူဟာ သေဆုံးတယ်ဆိုတဲ့ သတင်းတွေကြောင့် သက်ဆိုင်ရာဌာနတွေကို လိုက်စုံစမ်းနေပေမယ့် အခုထိ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုတော်ဗျူဟာ သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ RFA အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၂၂,၇၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး လူပေါင်း ၆၀၉၆ ဦး ထောင်ဒဏ်အသီးသီးချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။