လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ပစ္စည်း မြန်မာကိုရောင်းချမှု တားမြစ်ထားကြောင်း စင်ကာပူပြော
2023.07.04

စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေ ဆင်းရဲဒုက္ခကြုံနေရတဲ့ အခြေအနေ ပိုမဆိုးစေချင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်တာကို ပိတ်ပင်မထားပေမယ့် အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာအောင်လုပ်ဖို့ လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံကို ရောင်းချမှုကိုတော့ ပိတ်ပင်ထားတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာ ခရစ်ရှ်နန်က တနင်္လာနေ့က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး စင်ကာပူပါလီမန် အမတ်အချို့ရဲ့ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ဖြေကြားတာ ဖြစ်တဲ့အကြောင်း စင်ကာပူနိုင်ငံထုတ် the Strait Times သတင်းစာက ဖော်ပြပါတယ်။
မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်ဟာ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေကို အသုံးပြုပြီး စစ်လက်နက် တင်သွင်းနေတဲ့အကြောင်းနဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေဟာ အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို မြန်မာစစ်တပ်အတွက် တင်ပို့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စင်ကာပူအခြေစိုက် ကုမ္ပဏီ ၄၇ ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူ တင်သွင်းရာမှာ ပါဝင်ပတ်သက်မှုရှိကြောင်း အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ နောက်ထပ် ကုမ္ပဏီ ၉၁ ခုကို ဖော်ပြခဲ့တာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံအနေနဲ့ မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာထဲက အကြောင်းအရာတွေကို အလေးအနက်ထား စုံစမ်းစစ်ဆေးနေပြီး ပိုတိကျခိုင်မာတဲ့ သက်သေအထောက်အထားတွေ ပေးအပ်ဖို့ တောင်းဆိုထားတဲ့အကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာ ခရစ်ရှ်နန်က ပြောပါတယ်။
ဒါပေမဲ့လည်း ဒီလို စုံစမ်းစစ်ဆေးမှုတွေဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ တန်ဖိုးရှိတဲ့ မြန်မာ-စင်ကာပူ နှစ်နိုင်ငံကုန်သွယ်ရေးကို ပိတ်ပင်ဖို့ မဟုတ်တဲ့အကြောင်း၊ တရားဝင်ကုန်သွယ်မှုတွေကို ပိတ်ပင်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အတားအဆီးဖြစ်ပြီး အရပ်သားပြည်သူတွေ ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေကို ပိုဆိုးလာလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုတယ်လို့ the Strait Times သတင်းမှာ ဖော်ပြထားပါတယ်။