မြန်မာမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး ဝိုင်းဝန်းကူညီဖို့ စင်ကာပူဝန်ကြီးချုပ်တောင်းဆို
2024.10.12

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး အာဆီယံမိတ်ဖက်နိုင်ငံတွေအနေနဲ့ ကူညီပေးဖို့ စင်ကာပူဝန်ကြီးချုပ် Lawrence Wong က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံမှာ တောင်းဆိုခဲ့ကြောင်း The Straits Times သတင်းက ဖော်ပြပါတယ်။
အမေရိကန်နဲ့ တရုတ်အပါအဝင် အာဆီယံရဲ့ အဓိက မိတ်ဖက်နိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့ ဩဇာအာဏာကို အသုံးပြုပြီး မြန်မာမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ဖို့ မြန်မာစစ်ကောင်စီကို ဖိအားပေးတိုက်တွန်းသင့်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ကာလရှည်ကြာလာပြီဖြစ်တဲ့ ပဋိပက္ခကို ဖြေရှင်းဖို့သာမက၊ ဒေသတွင်းစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အာဆီယံရဲ့ မိတ်ဖက်အစုအဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှု မရှိမဖြစ်လိုအပ်ကြောင်း ဝန်ကြီးချုပ် Wong က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးအတွက် အင်အားစုအားလုံးကြား တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းဖက်မှုရပ်တန့်ရေး အပါအဝင် အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေဟာ တိုးတက်မှုအနည်းငယ်သာရှိခဲ့ကြောင်း၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ကြောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အနည်းဆုံး အရပ်သား ၅၃၅၀ သေဆုံးပြီး ၃ သန်း ၃ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို လူ ၂၇,၄၀၀ နီးပါးဖမ်းဆီးခံခဲ့ရကြောင်း၊ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက အာဆီယံငြိမ်းချမ်းရေး ဘုံသဘောတူညီချက်ရဲ့ အကျိုးသက်ရောက်မှုကို မေးခွန်းထုတ်စရာဖြစ်နေကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
အရှေ့အာရှထိပ်သီးအစည်းအဝေး EAS မှာ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံနဲ့ ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုးရီယားနဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပါတယ်။