ဒုက္ခသည်တွေ လူ့ဂုဏ်သိက္ခာနဲ့အညီ နေရပ်ပြန်နိုင်ရေး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော
2018.09.30

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေးလုပ်ငန်းတွေ စတင်သင့်ပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ အားလုံးအတွက် ဘဝရှေ့ရေး အလားအလာကောင်းတွေ ဖန်တီးပေးရမှာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှနန် က ပြောပါတယ်။
ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာ အခုဆိုရင် စက်တင်ဘာလတောင် ကုန်ပါတော့မယ်၊ တကယ်ဆိုရင် ဒုက္ခသည်တွေ လူ့ဂုဏ်သိက္ခာနဲ့အညီ ဘေးရန်ကင်းကင်း နေရပ်ပြန်ကြဖို့ဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်ပြဿနာဟာ ရေရှည်ဖြေရှင်းရမယ့် နိုင်ငံရေး ပြဿနာ လည်းဖြစ်ပါတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက နယူးယောက်မြို့မှာ စင်္ကာပူ စထရိတ်တိုင်း သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဒုက္ခသည်ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်မှာ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနဲ့အတူ ပူးပေါင်းကူညီဆောင်ရွက် ဖို့ အသင့်ရှိနေကြောင်းလည်းပြောပါတယ်။