စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမယ်
2011.12.12
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဥပဒေရေးရာ ဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး နေပြည်တော်မှာ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်တို့နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
Mr. Shamugan ဟာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကို သွားရောက်ဖို့ရှိပြီး နာဂစ်မုန်တိုင်းဘေး ကြုံခဲ့ရတဲ့ ဒေသခံတွေအတွက် အဝီစိ စက်ရေတွင်း လှူဒါန်းပွဲကို တက်ရောက်မယ်လို့ ဆိုပါတယ်။ ဒီရေတွင်း အကူအညီဟာ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး စင်္ကာပူအစိုးရက လှူဒါန်းဖို့ ကတိပေးထားတဲ့ ရေတွင်း ၃၈၅ တွင်းထဲက တခုဖြစ်ပြီး ဒီပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အကြီးအကဲ ဦးမြင့်ဆွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဟာ ရန်ကုန်မြို့မှာ ရှိနေစဉ် သမ္မတ အကြံပေးအဖွဲ့နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိမရှိ ထည့်သွင်း ကြေညာထားတာ မတွေ့ရပါဘူး။