ကလေးမြို့က ဖုန်းဆိုင်ပိုင်ရှင် အသံတိတ်သပိတ်ကြောင့် အဖမ်းခံရ
2022.01.31
စစ်ကိုင်းတိုင်း၊ ကလေးမြို့က ဖုန်းဆိုင်ပိုင်ရှင် ကိုကျော်သူရဆိုသူဟာ အသံတိတ်သပိတ် နေ့မှာ သူ့ဆိုင်ပိတ်မယ်လို့ လူမှုကွန်ရက်မှာ ဖြန့်ဝေမိလို့ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီး တာခံရပြီး သူ့ဆိုင်လည်း ချိတ်ပိတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဆိုင်ရှင်ကိုခေါ်သွားတာ တွေ့တယ်၊ သူ့ဖေ့စ်ဘွတ်အကောင့်ထဲမှာ မနေ့ကတင်ထားတာ ၁ ရက်နေ့ဆို ဆိုင်ပိတ်မယ်ဆိုပြီး တင်ထားတာတွေ့တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ခေါ်သွားတာနေမှာ"
ကိုကျော်သူရကို ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာချုပ် (ဒကစ) ကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောကြသလို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင် သေးပါဘူး။
သူ့ဆိုင်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတာကြောင့် နိုင်ငံပိုင်သိမ်းမှာ ဖြစ်တဲ့အတွက် ကျူးကျော်တာတွေမလုပ်ဖို့၊ ရောင်းချတာမလုပ်ဖို့ ဆိုတဲ့စာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာကပ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
မနက်ဖြန် ဖေဖော်ဝါရီ (၁) ရက်ဟာ စစ်တပ်ရဲ့ အာဏာသိမ်း တစ်နှစ်ပြည့်တဲ့နေ့ဖြစ်လို့ အသံတိတ်သပိတ်မှောက်ကြဖို့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ လှုံ့ဆော်နေပြီး စစ်ကောင်စီဘက်ကလည်း သပိတ်မှောက်တဲ့အထဲ ပါမယ့်သူတွေကို ဖမ်းဆီးနေသလို အဲဒီနေ့မှာလည်း ဆိုင်တွေဖွင့်ဖို့ အလုပ်ဆင်းကြဖို့ဆိုပြီး တစ်နိုင်ငံလုံးအနှံ့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့လည်း ပြောကြပါတယ်။