စစ်အာဏာသိမ်းသုံးနှစ်ပြည့် အသံတိတ်သပိတ်ဆင်နွှဲဖို့ ဒီမိုကရေစီအင်အားစုတွေ နှိုးဆော်
2024.01.29

စစ်အာဏာသိမ်းသုံးနှစ်ပြည့်ဖြစ်တဲ့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသံတိတ်သပိတ်အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်မယ်လို့ သပိတ်အင်အားစုတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေက ဇန်နဝါရီလ ၂၉ ရက်နေ့မှာ RFA ကိုပြောပါတယ်။
အသံတိတ်သပိတ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းကာလ သုံးနှစ်ရှိလာသည့်တိုင် စစ်တပ်ရဲ့ အုပ်ချုပ်မှုကို လက်မခံကြောင်းပြသဖို့ လုပ်တာဖြစ်ပြီး လမ်းမတွေနဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ တိတ်ဆိတ်ခြောက်ကပ်နေဖို့အတွက် အပြင်မထွက်ဘဲ လှုပ်ရှားမှုမှာပါဝင်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အဖြူရောင်လှုပ်ရှားမှု (White Campaign) ကိုလည်း ပြုလုပ်သွားဖို့ရှိပြီး ဒီလှုပ်ရှားမှုကတော့ အင်္ကျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင်အဝတ်အစား အသုံးအဆောင်တွေကို ပြည်သူတွေဝတ်ဆင်ပါဝင်တဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ပြောပါတယ်။
ဒီလှုပ်ရှားမှုဟာ စစ်တပ်ထံ လေယာဉ်လောင်စာဆီ ရောင်းချတင်ပို့ပေးနေတာတွေကို ရပ်တန့်ဖို့၊ စစ်ကောင်စီက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို ကောက်ခံနေတဲ့ အခွန်အခတွေကို မပေးကြဖို့နဲ့ စစ်ကောင်စီ တပ်သားတွေ ပြည်သူ့ရင်ခွင့်ခိုလှုံပြီး “အလံဖြူ”ထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်မှာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်ဟာ အာဏာရှင်ပြုတ်ကျရေးအတွက် အရေးကြီးတဲ့နှစ်ဖြစ်တာကြောင့် ဒီလှုပ်ရှားမှုတွေမှာ လူထုက ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းတယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တကသ ကျောင်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ကိုနန်းလင်းက RFA ကို ပြောပါတယ်။
“၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့နှစ် ဖြစ်ပြီးတော့မှ စစ်ကောင်စီ အလုံးစုံပျက်သုဥ်းရေး အတွက် ဘက်ပေါင်းစုံကနေ ဖိတိုက်ရမယ်နှစ်လို့ ခံယူထားပါတယ်။ လူထုတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲတွေကို တက်ကုန်လွှင့် ရွက်စုံလွှင့် ဟန်ချက်ညီပေါင်းစပ် ဆင်နွှဲကြဖို့ ဖြစ်တာမို့ ဒီဖေဖော်ဝါရီလ ၁ ရက်နေ့ လူထုလှုပ်ရှားမှုမှာ ပြည်သူလူထုတစ်ရပ်လုံး လှေနေလှည်းအောင်း မြင်းဇောင်းမကျန် ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်း နှိုးဆော်လိုပါတယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ် အကြောင်းပြန်ဖြေဆိုခြင်း မရှိပါဘူး။
မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အသံတိတ်သပိတ်တွေကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွေအပြင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာ သိမ်းမှု နှစ်ပတ်လည်နေ့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီကတော့ အရင်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး နေအိမ်တွေချိပ်ပိတ်တာနဲ့ ပါဝင်သူတွေကို ဖမ်းဆီး ထောင်ချတာတွေလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။