အသံတိတ်သပိတ်ကနေ အချက် ၈ ချက် တောင်းဆိုမယ်
မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံတိတ်သပိတ်ကနေ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေကို အချက် ၈ ချက်တောင်းဆိုသွားမယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် မြန်မာစစ်ကောင်စီကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့၊ မြန်မာစစ်တပ်က လေကြောင်းသုံး တိုက်ခိုက်နေတဲ့နေရာတွေမှာ လေကြောင်းကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့၊ လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်း တင်သွင်းမှု ရပ်တန့်ပေးဖို့နဲ့ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ GSCB က တောင်းဆိုထားပါတယ်။
မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ ရိုဟင်ဂျာလူမျိုးတွေ အပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို နိုင်ငံတကာ ရာဝတ်ခုံရုံး (ICC)၊ အထူးရာဇဝတ်ခုံရုံး တစ်ရပ် ဖွဲ့စည်းပြီး အရေးယူပေးဖို့လည်း သပိတ်အင်အားစုတွေကတောင်းဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုဖို့၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးဖို့၊ အာဆီယံ ဘုံသဘောတူညီချက်တွေကို ပြင်ဆင်ဖို့စတဲ့ အချက်တွေလည်း တောင်းဆိုချက်မှာ ပါဝင်ပါတယ်။
မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်တာ တစ်နှစ်တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။
ဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ အိမ်ပြင်မထွက်ဘဲ အသံတိတ်သပိတ်မှောက်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
နိုင်ငံတကာရောက် မြန်မာတွေကလည်း ရောက်တဲ့နိုင်ငံတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ရှိနေပါတယ်။